ရန်ကုန်၊ ဧပြီ ၂
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅၊ မူတြော် (ဖာပွန်) ခရိုင်တွင် ၂၀၂၂ ခုနှစ် မတ်လ ၁ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲပေါင်း ၃၅၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦး၊ ဒု-တပ်ရင်းမှူး ၁ ဦးအပါအဝင် ၁၁၈ ဦးသေဆုံးပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ စစ်သုံးယာဉ် ၁၇ စီး၊ သာမန်မော်တော်ယာဉ် ၂ စီး၊ စစ်သုံး လား ၂ ကောင်နှင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအထောက်အကူပြု ရုံး ၁ ခုကို KNLA တပ်ဖွဲ့များက ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
KNLA တပ်မဟာ ၅ ဘက်မှ စစ်သည် ၁၀ ဦး ကျဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရကြောင်း၊ စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အများပြည်သူ ရပ်ရွာအတွင်း ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၈ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်ထံမှ သိရှိရသည်။
မတ်လ ၁ လအတွင်း အကြမ်းဖက်စစ်ကောင်စီသည် ဖာပွန်ခရိုင်အတွင်းသို့ လေကြောင်းမှတဆင့် ၁၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ ၅ ၏ လချုပ်စာရင်းတွင် ဖော်ပြသည်။
ဓါတ်ပုံ – KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ