32 C
Yangon

ရန်ကုန်တိုင်းအတွင်းရှိ စေတီပုထိုး၊ သိမ်နှင့် ဘုန်းကြီးကျောင်းအားလုံးတွင် ဥပ္ပါတသန္တိ ပရိတ်ရွတ် ယတြာချေပွဲများ အချိန် ၅ လ တိတိ လုပ်ရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြား၊ ကာကွယ်ရေးနှင့်ပြည်ထဲရေးဝန်ထမ်းများကို သံဃာများထံမှ ပရိတ်ဖတ်နည်းသင်ခိုင်း

Must read

ရန်ကုန်တိုင်းအတွင်းရှိ စေတီပုထိုး၊ သိမ်နှင့် ဘုန်းကြီးကျောင်းအားလုံးတွင် ဥပ္ပါတသန္တိ ပရိတ်ရွတ် ယတြာချေပွဲများ အချိန် ၅ လ တိတိ လုပ်ရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြား၊ ကာကွယ်ရေးနှင့်ပြည်ထဲရေးဝန်ထမ်းများကို သံဃာများထံမှ ပရိတ်ဖတ်နည်းသင်ခိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၇

ရန်ကုန်တိုင်းအတွင်းရှိ စေတီ၊ ပုထိုး၊ သိမ်နှင့် ဘုန်းကြီးကျောင်းအားလုံးတွင် ယတြာအနေဖြင့် ဥပ္ပါတသန္တိ ပရိတ် ရွတ်ဖတ်ပွဲများ အချိန် ၅ လတိတိ ကျင်းပရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြားထားကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဇန်နဝါရီလမှ မေလအတွင်း စေတီများ၊ သိမ်များ၊ ဘုန်း ကြီးများတွင် ယတြာအနေဖြင့် ဥပ္ပါတသန္တိ ပရိတ် ရွတ်ဖတ်ပွဲများ ကျင်းပရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြားခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး မေလ ၃ ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်း အလှည့်ကျ ရွတ်ဖတ်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို ဥပ္ပါတသန္တိ ပရိတ် ရွတ်ဖတ်နည်းများ သံဃာများထံမှ သင်ခိုင်းထားကြောင်း၊ ယင်းနောက် ရန်ကုန်တိုင်းအတွင်းတွင် လှည့်လည် ရွတ်ဖတ်ခိုင်းကြောင်း သိရှိရသည်။

“ကာကွယ်ရေး၊ ပြည်ထဲရေးဝန်ထမ်းတွေကို သံဃာတွေဆီကနေ ပရိတ် ရွတ်ဖတ်ပုံ ၊ရွတ်ဖတ်နည်းသင်ခိုင်းထားပါတယ်။ တပ်ဖွဲ့၊ ဌာန ၊တိုင်းစစ်ဌာန၊တိုင်းအစိုးရရုံးတွေမှာရွတ်ခိုင်းတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်း အလှည့် ကျရွတ်ဖတ်ခိုင်းသည့် မြို့နယ်များနှင့် စေတီ ပုထိုး၊ သိမ်နှင့် ဘုန်းကြီးကျောင်းများမှာ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၃ ရက်နေ့ အထိ ဆူးလေစေတီ၊ ကျောက်တံတားမြို့နယ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကိုးထပ်ကြီးဘုရား၊စမ်းချောင်းမြို့နယ်၊ ဇန်ဝါရီလ ၇ ရက်နေ့မှ ဇန်နဝါရီလ ၉ ရက်နေ့ အထိ ကြီးငါးကြီးဘုရား ကမာရွတ်မြို့နယ်၊ ဇန်န ဝါရီလ ၁၀ ရက်နေ့မှ ဇန်နဝါရီလ ၁၂ ရက်နေ့ အထိ အိမ်တော်ရာစေတီ၊ ဒဂုံမြို့နယ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ သိမ်တော်ကြီးစာသင်တိုက်၊ ပန်းဘဲတန်းမြို့နယ်၊ ဇန်ဝါရီလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ကမ္ဘာအေးစေတီ၊ မရမ်းကုန်းမြို့နယ် တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သရက်တောကျောင်းတိုက်၊ လမ်းမတော်မြို့နယ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ စွယ်တော်မြတ်စေတီ ၊လှိုင်မြို့နယ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မဟာဝိဇယစေတီ၊ လသာမြို့နယ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကြေးသွန်းဘုရား၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ ဗဟန်းမြို့နယ်တို့ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ဇန်နဝါရီလ မှ မေလ အထိ မဟာသကျမုနိရုပ်ပွားတောမြတ်ကြီး၊ ကြည့်မြင်တိုင်၊ ကျိုက်ခေါက်စေတီ၊ သန်လျင်၊ ရေလယ်စေတီ၊ ကျောက်တန်း၊ ဥတ္တမာနန္ဒကံသာစေတီ သုံးခွ၊ သကျမာရဇွန်သွန်းဘုရား ခရမ်းမြို့နယ်၊ ဓနုတ်စေတီ ဒလမြို့နယ်၊ရွှေဆံတော်စေတီ တွံတေး၊ မဟာတိလောကမှန်ကူကြေးသွန်းဘုရား ကွမ်းခြံကုန်း၊ သီရိဗလစေတီ ကော့မှူး၊ မိုးကောင်းစေတီ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကျောက်တော်ကြီးဘုရား၊ အင်းစိန်မြို့နယ် ၊ အောင်မြေသာယာဆုတောင်းပြည့်စေတီ လှိုင်သာယာ၊ ကျိုက်ကလော့စေတီမင်္ဂလာဒုံ၊ မြို့ဦးစေတီ ရွှေပြည်သာ၊ ရွှေမှော်တင်စေတီ မှော်ဘီမြို့၊ ရွှေဂူကြီးဘုရား ထန်းတပင်၊ ငါးထပ်ကြီးဘုရား လှည်းကူး၊ မြသက်သာစေတီ တိုက်ကြီး၊ သုဝဏ္ဏမြို့ဦးစေတီ သုဝဏ္ဏသင်္ဃန်းကျွန်းမြို့နယ်၊ ဥက္ကလာပမြို့ဦးစေတီ တောင်ဥက္ကလာပမြို့နယ်၊ မေတ္တာပုညကာရီဓမ္မာရုံ တာမွေမြို့နယ် ၊မိုးကောင်းစေတီ ရန်ကင်းမြို့ ၊ဗိုလ်တထောင်စေတီ ဗိုလ်တထောင်မြို့နယ်၊ ရွှေဘုန်းပွင့်စေတီ ပုဇွန်တောင်မြို့နယ် ၊သာသနာ့ဟိတကာရီဓမ္မာရုံ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာသနာ့ဗိမာန် ဒေါပုံမြို့နယ်၊ ဇိနမာရ်အောင်စေတီ သာကေတမြို့နယ်၊ အောင်ဗောဓိစေတီ ဒဂုံတောင်မြို့နယ် ၊ မြို့ဦးစေတီ ဒဂုံမြောက်၊ အောင်သုခဗိမာန် ဒဂုံဆိပ်ကမ်း၊ သာသနာ့ရက္ခိတဓမ္မာရုံ ဒဂုံအရှေ့ ၊မယ်လမုစေတီ မြောက်ဥက္ကလာပမြို့နယ်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ တစ်မြို့နယ် တစ်နေရာလျှင် ၃ ရက် ရွတ်ဖတ်ခိုင်းပြီး နံနက် ၆ နာရီမှ မွန်းလွဲ ၃ နာရီ အချိန်အထိ ရွတ်ဖတ်ရမည်ဖြစ်ကြောင်း၊ မေလ ၃ ရက်နေ့တွင် ပရိတ်ရွတ်ပွဲများ ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။

ဥပ္ပါတသန္တိ ပရိတ်တော်သည် ကပ်ကြီး ၃ ပါး ကျော်လွှားရန် အဓိက ရွတ်ဖတ်ပူဇော်ရသည့် ပရိတ်တရားတော်ဖြစ်ပြီး စစ်အာဏာရှင် သန်းရွှေလက်ထက်ကလည်း ယင်းကဲ့သို့ ဥပ္ပါတသန္တိ ပရိတ်တော်ကို ဘုရားစေတီများတွင် ဝန်ကြီးဌာန ဆိုင်ရာရုံးများကို သွားရောက် ရွတ်ဖတ်ခိုင်းခဲ့ဖူးကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်းစစ်ကောင်စီက ကိုးထပ်ကြီးဘုရားတွင် ပြုလုပ်ခဲ့သည့် ဥပ္ပါတသန္တိ ပရိတ်တော် ရွတ်ဖတ် ယတြာချေပွဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article