ရန်ကုန်၊ ဧပြီ ၈
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နှင့်ချောင်းဦးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်းသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။
ဧပြီ ၈ ရက်နေ့ အင်အား (၈၀) ခန့်ပါရှိသော အကြမ်းဖက်စစ်ကောင်စီတပ်သည် အရာတော်မြို့နယ် ရှောက်ခါးရွာသို့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် လက်နက် ကြီးများဖြင့် ပစ်ခတ်ပြီး ရွာကို ဝင်စီးကြောင်း၊ ပြည်သူတစ်ဦး သေဆုံးပြီး ပြည်သူ့နေအိမ် (၃၀)ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း၊ ယင်းနောက် C&T SHWEBO၊ SNAKE EYES-PDF ၊ PEOPLE DEFENCE FORCE SHWEBO ၊ ALPHA-7 ၊ ဒေါင်းမာန်အဖွဲ့ ၊ ပြုံးရွှင်အဖွဲ့(ဒီပဲယင်း) ၊ ရွှေဘိုမြို့နယ်တပ်ပေါင်းစု (၂) ၊အရာတော် မြို့နယ်ရှိ (ပ.က.ဖ) အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်တပ်ကို ရွာသာရွာ- ဘောင်းကျရွာတို့ အထိ လိုက်လံတိုက်ထုတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း C&T SHWEBO ဗိုလ်မိချောင်းအဖွဲ့ နှင့် ကျားပျံအဖွဲ့က သတင်းထုတ်ပြန်သည်။
အလားတူ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ဧပြီလ ၅ ရက်နေ့ ည ၁၀ နာရီအချိန် ပခုက္ကူဘက်မှ မန္တလေး ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးပါ ကားကို ချောင်းဦးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အံစာတုံးကား၏ ဘေးဘက်တစ်ခြမ်း ထိခိုက်ပျက်စီးသွားပြီး သေဆုံးသူ အရေအတွက် မသိရှိရသေးကြောင်း အလားတူ ဧပြီလ ၇ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန် မန္တလေးဘက်မှ မုံရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော Express ကား ၂ စီး ကားအသေး ၄ စီးကို ချောင်းဦးနှင့်မြောင် ဒေသကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ ကား ၃စီး ထိသွားပြီး သေဆုံးသူများပြားကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။
ဧပြီလ ၇ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မိုင်းရှင်းလင်းရေး ဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချောင်းဦး PDF နှင့် Immortal Guerilla Force မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကြောင်း ချောင်းဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ် ပြန် သည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်သားတစ်ဦး။
Photo- Agencies ။