သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာရှိ စစ်တပ် စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး၊ ရေးမြို့နယ်ရှိ ခလရ ၆၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း (T5-wings) အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာရှိ အကြမ်းဖက် စစ်တပ်၏ ကမ်းရိုးတန်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၈၀ နှင့် ပျုစောထီးများ ပူးပေါင်း တပ်စွဲထားသော စစ်တပ် စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ ထိခိုက် ဒဏ်ရာရသူများထဲမှ ပဲဒက်ရွာပျူစောထီး ခေါင်းဆောင် အေးစိုးလည်း သေဆုံးသွားကြောင်း၊ ထို တိုက်ပွဲခိုက်မှုသည် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“အဲတိုက်ခိုက်မှုက စစ်ခွေး ၂ ကောင် နဲ့ ပျူစောထီး ခေါင်းဆောင် ၁ ကောင် စုစုပေါင်း ၃ ကောင်သေပါတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း (T5-wings) အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိူးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း(T5-wings)၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)နှင့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၆၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Ye Guerrilla Force – ရေးပြောက်ကျားတပ်ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ၊ နံနက် ၁၀ နာရီခွဲခန့်တွင် ရေးမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၆၁ တပ်ရင်းကို ရေးပြောက်ကျားတပ် (ဒေါနတပ်ခွဲ-၃) က Fixed Wings လေယာဥ် အမျိုးအစားဖြင့် တပ်ရင်းအတွင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ ဗုံးကျဲ တိုက်ခိုက်မှု အပြီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ၂ လုံး ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
