ရန်ကုန်၊ ဧပြီ ၁၃
နေပြည်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ စစ်ကောင်စီ သင်္ကြန်မဏ္ဍာများတွင် လူစည်ကားစေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ အလှည့်ကျ မလာမနေရ သင်္ကြန်မဏ္ဍပ်များသို့ လာရမည်ဖြစ်ပြီး နေ့အလိုက် မဏ္ဍပ်လာရောက်ရမည့် ဝန်ထမ်းများရှိနေစေရေး ၊လူစည်ကားရေး မဖြစ်မနေလုပ်ဆောင်ရန် အရာရှိများကို စစ်တပ်က အမိန့် ထုတ်ညွှန်ကြားထားကြောင်း သိရှိရသည်။
“စိန်ရတု ပြည်ထောင်စုနေ့မှာ ဝန်ထမ်းတွေကို ခိုင်းရတာ အရသာတွေ့သွားတော့ နောက်ထပ် ပွဲတွေကိုလည်း ဝန်ထမ်းတွေကို တက်ခိုင်းနေပဲ။ ဝန်ထမ်းတွေကလည်း မလုပ်ချင်ကြဘူး။ သူတို့ မဏ္ဍပ်လည်း မသွားချင်ကြဘူး။ တချို့ အမျိုးသားဝန်ထမ်းတွေက သူတို့ခိုင်းတာမလုပ်ချင်တော့ ရက်တို ဘုန်းကြီးပြေးဝတ်ကြတယ်” ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။
နေပြည်တော်တွင် စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်အဖြစ် မြို့တော်ခန်းမနှင့်ရုံးအမှတ် ၃၈ တွင် ကျင်းပမည်ဖြစ်ပြီး ဝန်ထမ်း ၃၀၀၀ မဖြစ်မနေ အကုန်တက်ရန် ဆင့်ခေါ်ထားကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များသို့ နေ့စဉ် ရေပက်ခံထွက်သူများ၊ သင်္ကြန်မဏ္ဍပ်များတွင် ရေပက်ကစားကြသည့် ဝန်ထမ်းမိသားစုများကိုလည်း တစ်ဦးလျှင် တစ်နေ့ ၁၀၀၀၀ ကျပ်ပေးမည်ဟု အရာရှိများက ပြောဆိုထားကြောင်း သိရှိရသည်။
လက်ရှိတွင် တော်လှန်ရေးအဖွဲ့များနှင့် သပိတ်ဦးဆောင်ကော်မတီများက စစ်ကောင်စီ၏ အယောင်ပြသင်္ကြန်များတွင် ပါဝင်ခြင်းမပြုရန် ပြည်သူများကို နှိုးဆော်ထားကြောင်း၊ စစ်တပ်အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် PDF များကို နာမည်ဖျက်ရန်အတွက် ပြည်သူ အစုလိုက်အပြုံလိုက် သေစေနိုင်သော ဗုံးခွဲမှု များကို လုပ်လာနိုင်သဖြင့် သတိထားကြရန်လည်း တော်လှန်ရေးရဲဘော်များက ပြောဆိုသည်။
“စစ်ကောင်စီရဲ့ အယောင်ပြ သင်္ကြန်မှာ မပါဝင်ဖို့ တိုက်တွန်းမှုတွေရှိတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေက ဘယ်တော့မှ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးမလုပ်ဘူး။ ဒါပေမယ့် စစ်တပ်က သင်္ကြန်မဏ္ဍပ်တွေမှာ ဗုံးခွဲပြီး ပြည်သူတွေ အစုလိုက် အပြုံလိုက် သေအောင်လုပ် တော်လှန်ရေးတပ်ဖွဲ့တွေကို နာမည် ဖျက်တာမျိုးလုပ်လာနိုင်ပါတယ်။ အဲဒါကိုလည်း သတိထားကြဖို့လိုပါတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ရွှေဘိုမြို့ပေါ်မှ သင်္ကြန်မဏ္ဍပ်တစ်ခု။