ရန်ကုန်၊ မတ် ၁၈
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်း ဆင့်ခေါ်စာများကို မြိုနယ်၊ ရပ်ကွက်များတွင် စတင်ဖြန့်ဝေပြီးနောက် လူငယ်များ ပုံစံမျိုးစုံဖြင့် ပြည်ပနိုင်ငံများသို ထွက်ခွာနေကြကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီများ၊လေယာဉ်လက်မှတ်အရောင်းခရီးသွားကုမ္ပဏီများနှင့်ရန်ကုန်လေဆိပ်တွင် Grab Taxi မောင်းနှင်သူများထံမှ စုံစမ်းသိရှိရသည်။
မတ်လ ၁၃ ရက်နေ့မှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီက ရပ်ကွက်၊ ကျေးရွာများတွင် စစ်မှုထမ်းဆင့်ခေါ်စာများ ပေးဝေပြီး အုပ်ထိန်းသူ မိဘများကို အစည်းအဝေးများ ခေါ်ယူခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ လူငယ်များ ရရာပုံစံဖြင့် ပြည်ပနိုင်ငံများသို ထွက်ခွာနေကြကြောင်း သိရှိရသည်။
“ထိုင်းကတော့ အများဆုံးပဲ။ ၁၄ ရက်ဗီဇာလည်း ရတော့။ ရန်ကုန်-ဘန်ကောက်လေယာဉ်လက်မှတ်က အတော်ကို ကုန်တယ်။ Business Class ပါ ပြည့်ကုန်တာ။ အနည်းဆုံး ၁ ပတ်လောက်ကြိုမတင်ရင် လေယာဉ်လက်မှတ်တောင် မလွယ်တော့ဘူး။ ထိုင်းသံရုံးမှာလည်း ဗီဇာတန်းစီတာတွေက အနည်းဆုံး ၁၀ ရက်လောက် ကြိုတင် ဘိုကင်လုပ်ရတာ။ ကြိတ်ကြိတ်တိုးနေတာပဲ” ဟု ကိုလန်ဘို လေယာဉ်လက်မှတ်နှင့် ခရီးသွားအေဂျင်စီမှ အရောင်းဝန်ထမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။
ထိုအတူ နိုင်ငံကူးလက်မှတ်ပြုလုပ်သူများလည်း တန်းစီနေပြီး နိုင်ငံကူးလက်မှတ်ရရန် ပထမအဆင့်ဖြစ်သည့် QR ရရန်ပင် အနည်းဆုံး ၃ လမှ ၆ လကျော်အထိ စောင့်ဆိုင်းနေရကြောင်း သိရှိရသည်။
“ကျနော်က ရန်ကုန်မှာ မတ်လဆန်းပိုင်းမှာ နိုင်ငံကူးလက်မှတ်လုပ်ဖို QR Booking တင်တာ။ အဲဒါ ၉ လပိုင်း ၁၀ ရက်နေ့မှာမှ ကိုယ့်အလှည့် ကျမယ်။ အဲဒီနေ့အတွက် QR ရတယ်။ ၆ လကျော်စောင့်ရမှာ။ နယ်ရုံးတွေမှာလည်း နိုင်ငံကူးလက်မှတ် လုပ်ဖိုက အနည်းဆုံး ၃ လကနေ ၆ လလောက်အထိ စောင့်ရတယ်။ ရန်ကုန်ရုံးကတော့ အကြာဆုံးပဲ။ သူက တစ်နိုင်ငံလုံးက မှတ်ပုံတင်တွေ လက်ခံတာဆိုတော့လေ။ ကျနော်လည်း စစ်မှုထမ်းဖို ဆင့်ခေါ်စာရထားပြီ။ မဲတော့မပေါက်သေးဘူး။ အခု ဧပြီအလှည့်မှာ ကျနော်မပါသေးဘူး” ဟု ရန်ကုန်တွင် နိုင်ငံကူးလက်မှတ် လုပ်ရန် စောင့်ဆိုင်းနေသူ အဝေးသင်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားတစ်ဦးက ဆိုသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီများတွင်လည်း မလေးရှား၊ ဒူဘိုင်းနှင့်ထိုင်းနိုင်ငံသို သွားရောက်ရန် လာရောက်စုံစမ်းသူ၊ စာရင်းပေးသူများပြားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“ထိုင်း MOU လည်း အတော်စုံစမ်းကြတယ်။ စာရင်းလည်းပေးကြတယ်။ မလေးရှားလည်း လာကြတယ်။ နယ်ပေါင်းစုံပဲ။ ဒူဘိုင်းလည်း မေးကြတယ်။ အများဆုံးက ထိုင်းMOU ပဲ စာရင်းပေးတာ” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူက ရှင်းပြသည်။
ပြည်ပနိုင်ငံများသို တရားမဝင်နည်းလမ်းများမှတစ်ဆင့် ထွက်ခွာမှု အများအပြား ရှိနေပြီး အထူးသဖြင့် ထိုင်းနိုင်ငံသို သွားရောက်မှု အများဆုံးဖြစ်ကြောင်း ချိတ်ဆက်ပိုဆောင်ပေးနေသူတချိုက ဆိုသည်။
“ဒါကြီးကိုတော့ အသေးစိတ်မပြောချင်ဘူး။ လူငယ်တွေ အများစုသွားနေကြတာပဲ။ တစ်နေ့ကို အနည်းဆုံး ၃၀၀ အထက်ပဲ။ ထိုင်းဘက်ကို ကူးကြတာ” ဟု ရန်ကုန်မှ ထိုင်းနိုင်ငံဘက်သို လမ်းကြောင်းအသီးသီးမှ သွားရောက်ရန် စီစဉ်ပေးသူတစ်ဦးက ရှင်းပြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Grab Taxi အငှားယာဉ်မောင်းတစ်ဦးကမူ ရန်ကုန်လေဆိပ်တွင် ပြည်ပ ထွက်ခွာ အလွန်များပြားနေသည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။
“Arrival မှာ လူမရှိဘူး။ ဘန်ကောက်က ပြန်လာတဲ့ လေယာဉ်တွေ တစ်စင်းလုံးမှာမှ ခရီးသည် နည်းနည်းပဲပါတယ်။ လေဆိပ် ပြည်ပထွက်ခွာ Departure မှာတော့ ကြိတ်ကြိတ်ကို တိုးနေတာ။ သွားကြတာက လူငယ်လေးတွေ ။ အမျိုးသားတွေ များတယ်။ လိုက်ပိုကြတဲ့ မိဘတွေ၊ ဆွေမျိုးတွေ ပြန်ထွက်လာရင် မျက်ရည်တွေနဲ့။ စိတ်မကောင်းဘူး။ မြင်ရတာ” ဟု ရန်ကုန်လေဆိပ်မှ Grab Taxi အငှားယာဉ်မောင်းက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဧပြီလကုန်မှစတင်ပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှု မဖြစ်မနေ ထမ်းခိုင်းရန် ဆင့်ခေါ်မှုများ၊ မဲနှိက်မှုများ စတင်လုပ်ဆောင်နေပြီး နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းခိုင်းမည့် အခြေအနေအပေါ် မူတည်၍ ငွေကြေးတောင်းယူမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် ဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှီရသည်။
ဓာတ်ပုံ – ယနေ့ ရန်ကုန်လေဆိပ်မှ ပြည်ပသို ထွက်ခွာကြသည့် လူငယ်များကို လိုက်ပိုကြသည့် မြင်ကွင်းနှင့် ယခင်ရက်ပိုင်းအတွင်း ရန်ကုန်လေဆိပ်တွင် လိုက်ပိုကြသူများဖြင့် စည်ကားနေမှု မြင်ကွင်းများဖြစ်ပါသည်။
Photo- CJ
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar