ရန်ကုန်၊ ဧပြီ ၂၃
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ အင်းမကျေးရွာ စစ်ကောင်စီတပ်များက ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းပြီး အပြစ်မဲ့ ပြည်သူ ဦးဝင်းမြင့်ကို ပစ်သတ်ကာ အိမ်ခြေ ၇၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကိုင်းတိုင်းချောင်းဦးမြို့နယ်၊ အင်းမရွာမှ ပြည်သူများက စိုက်ခင်းများမှ သီးနှံများ ရိတ်သိမ်းနေစဉ် ကင်ပွန်းတော်ကျေးရွာမှပျူစောထီးများနှင့်စစ်တပ်က လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် ပစ်ခတ်လာပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်လာကြောင်း၊ လက်နက်များ အင်းမရွာထဲသို့လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ် ၃ လုံး မီးလောင်နေကြောင်း၊ ပျူစောထီးနှင့်စစ်တပ်ကလည်း ကျေးရွာအတွင်း ဝင်ရောက်ပြီး မီးရှို့ခဲ့ကြောင်း၊ ဦးဝင်းမြင့်ကိုလည်း ပစ်သတ်သွားကြောင်း သိရှိရသည်။
“အင်းမကျေးရွာကိုမီးရှို့တာ အခုက ဒုတိယအကြိမ်ပဲ ။ နှစ်ကြိမ်ရှိပြီ။ အခု မီးတအားများတယ်။ ရွာမှာ အိမ်ခြေ ၇၀ ကျော်လောက်ပါသွားတယ်။ ကိုဝင်းမြင့်ဆိုတဲ့လူလည်း ပစ်သတ်ခံရတယ်။ နွား တစ်ကောင်လည်း အသတ်ခံရတယ်” ဟု အင်းမကျေးရွာသားတစ်ဦးက ပြောသည်။
ယခုလက်ရှိတွင် ချောင်းဦးမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်း၊ မုံရွာ-အမြင့်လမ်းပိုင်း၊ ချောင်းဦး-အမြင့်လမ်းပိုင်း၊ ချောင်းဦး-ပခုက္ကူလမ်းပိုင်းများကို အများပြည်သူများ အသုံးပြုခြင်းမပြုရန် အရေးပေါ်ယာယီပိတ်ထားကြောင်းကြေညာထားသည်။
ဓာတ်ပုံ- ယနေ့ စစ်တပ်၏ မီးရှို့ခြင်းခံရသော အင်းမကျေးရွာ မြင်ကွင်းများ။