28 C
Yangon

တောင်ကုတ်မြို့အနီးတွင် AA နှင့် စစ်တပ်တို့ စစ်ရေး တင်းမာနေပြီး မြို့အနီးအနားရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ

Must read

တောင်ကုတ်မြို့အနီးတွင် AA နှင့် စစ်တပ်တို့ စစ်ရေး တင်းမာနေပြီး မြို့အနီးအနားရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ

ရန်ကုန်၊ ဇွန် ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အနီးတွင် AA နှင့် အကြမ်းဖက် စစ်တပ်တို့ စစ်ရေး တင်းမာနေပြီး မြို့အနီးအနားရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လပိုင်းက စတင်ကာ တောင်ကုတ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့များ အားလုံးကို ရခိုင်တပ်တော် က ဝိုင်းရံပိတ်ဆို့လိုက်ပြီး နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိကြောင်း၊ လက်ရှိချိန်တွင် ရခိုင်တပ်တော်သည် သံတွဲမြို့ကို သိမ်းပိုက်နိုင်ရန် ၃ လ နီးပါး ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တောင်ကုတ်-ရန်ကုန် လမ်းပိုင်းမှ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ သယ်ယူနေပြီး ရခိုင်တပ်တော် ပိတ်ဆို့လိုက်သည့်အတွက် သွားလာ၍ မရတော့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းတွင် ကုန်းလမ်း၊ ရေလမ်းအားလုံးကို စစ်ကောင်စီက ပိတ်ပင်ခဲ့သော်လည်း တောင်ကုတ်-ရန်ကုန်လမ်း၊ ဂွ-ဧရာဝတီ လမ်းပိုင်းကို နှစ်ကုန်ပိုင်းက ပြန်ဖွင့်ပေးခဲ့ကြောင်း၊ ယင်းကာလ ရခိုင်မြောက်ပိုင်း စစ်ရေးပြင်းထန်နေချိန် စစ်ကောင်စီသည် တောင်ပိုင်းမြို့များမှ တပ်ရင်းများကို လက်နက်ခဲယမ်းနှင့် တပ်အင်အားများကို အလုံးအရင်းဖြင့် ဖြည့်တင်းခဲ့ပြီး အထူးသဖြင့် တောင်ကုတ်နှင့် သံတွဲမြို့ကို ဖြည့်တင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် တောင်ကုတ်မြို့နယ်မှ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအားလုံးကို AA က ဝိုင်းရံ ပိတ်ဆို့ထားသည့်အပြင် တောင်ကုတ်-ပဲခူးလမ်းကို ပိတ်ထားလိုက်ပြီး နှစ်ဖက် စစ်ရေးတင်းမာနေကြောင်း၊ AA က တောင်ကုတ်မြို့အနီး ရောက်ရှိနေသည်ဆိုသော သတင်းများကြောင့် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် တောင်ကုတ်မြို့အနီး မီးချောင်းထိုး၊ မောင်းကန်၊ ကင်းတောင် ကျေးရွာများဘက်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

တောင်ကုတ်မြို့တွင် အကြမ်းဖက် စစ်ကောင်စီ အမှတ် ၅ စစ်ဆင်ရေး ကွက်ကဲမှုဌာနချုပ် (စကခ ၅)၊ ခမရ ၅၄၄ နှင့် မခရ ၃၄၆ တပ်ရင်းတို့ရှိပြီး စစ်ကောင်စီက ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ အင်အားအများအပြား ဖြည့်ထားကြောင်း သိရသည်။

တောင်ကုတ်မြို့ အပါအဝင် အကြမ်းဖက် စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့များမှ ဒေသပြည်သူလူထုများအနေဖြင့် လွတ်မြောက်နယ်မြေ သို့မဟုတ် အာရက္ခတပ်တော် ထိန်းချုပ်ထားသော နယ်မြေများကို သွားရောက်ခိုလှုံကြရန် ပြီးခဲ့သည့် ၂ လခန့်မှစ၍ AA က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article