25 C
Yangon

တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေး အဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှု အပေါ် NLD က ကျေးဇူးတင်

Must read

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရေးတွင် NLD က ရပ်တည်နေပြီး ဒေါ်အောင်ဆန်းစုကြည် မပါဘဲ နိုင်ငံရေး မပြေလည်နိုင်ဟုဆို

ရန်ကုန်၊ ဇွန် ၂၀

တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေး အဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှု အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD က ကျေးဇူးတင်ကြောင်း ယမန်နေ့ သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ အဖြစ် ထုတ်ပြန်သော ကြေညာချက်တွင် တရုတ်နိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အသိအမှတ်ပြု အလေးထားဆက်ဆံမှုနှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အလေးအနက် ထားပြီး ကောင်းမွန်စွာထားရှိရေး၊ တွေ့ဆုံခွင့်ရရှိရေး စဥ်ဆက်မပြတ်ကြိုးပမ်းအားထုတ်နေမှုအပေါ် ကျေးဇူးတင်ကြောင်း ထုတ်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေး၊ အခြေခံလူ့အခွင့်အရေးတို့အတွက် ကြိုးပမ်းစဥ်ကာလတစ်လျှောက်တွင် စစ်အာဏာရှင်တို့၏ ၁၅ နှစ်ကျော်ကာလ အကျဥ်းချခံနေခဲ့ရသော်လည်း “နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့်” သာ ဖြေရှင်းဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ထိုနည်းလမ်းအတိုင်း တစိုက်မတ်မတ်ရပ်တည်လျက်ရှိကြောင်း NLD က ဆိုသည်။

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ ဥပဒေမဲ့ မတရားအာဏာသိမ်းမှုကို ကျူးလွန်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဥ်းချထားသည်မှာ ၃ နှစ်ကျော် ကြာမြင့်ခဲ့ကြောင်း၊ ထိုကာလ တစ်လျှောက်လုံး မိသားစုနှင့်ထောင်ဝင်စာတွေ့ဆုံခွင့်ကို ပိတ်ပင်ထားသည့်အပြင် ဒေါ်အောင်ဆန်းစုကြည် အား မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့အချိန်ထိ တရားဝင် ထုတ်ပြန်ထားခြင်းမရှိပါသဖြင့် ထိုလုပ်ရပ်သည် ‌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ သူရဲဘောကြောင်စွာ နိုင်ငံရေးဓားစာခံ အဖြစ် ဖမ်းဆီးချုပ်နှောင်ထား သည့်လုပ်ရပ်အဖြစ် ရှုမြင်၊ ရှုတ်ချ ကြောင်း NLD က ထုတ်ပြန်ထားသည်။

အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအနေဖြင့် ပြဿနာကို လတ်တလောပြေလည်စေရေးအတွက် မဟုတ်ဘဲ အရင်းအမြစ်ကိုသေချာသိရှိပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးကို အထောက်အကူဖြစ်စေ မည့်ကိစ္စရပ်များအား ရှောင်ဖယ်၍ ပြည်သူလူထု၏ဆန္ဒအပေါ်အခြေခံပြီး စဥ်းစားဆောင်ရွက်ကြမှသာ ရေရှည်ခိုင်မာသော တည်ငြိမ်အေးချမ်းမှုကို ရရှိမည်ဖြစ်ကြောင်း NLD က တိုက်တွန်းသည်။

စစ်တပ်၏ မတရားအာဏာသိမ်း မှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကိုဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုမပါဘဲ ပြေလည်ရေး လမ်းစ မရရှိနိုင်ဟုယုံကြည်ပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဥ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အင်အားစုများက ဆက်လက်ကြိုးပမ်းအားထုတ် ပေးပါရန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း အားလုံးနှင့်အတူ ထိရောက်သွေးစည်းစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း NLD က ကြေညာသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article