ရန်ကုန်၊ ဇွန် ၂၀
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပြည်သာအေးကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စစ်သားများ ထွက်ပြေးသွားပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း မိုးကြိုးပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၈ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ FAW ကား ၃ စီးပါ အင်အား ၈၀ ခန့်၊ တောင်တံငါကျေးရွာမှ FAW ကား ၂ စီးပါ အင်အား ၅၀ ခန့်နှင့် ရေနံ့သာကျေးရွာမှ ပျူစောထီး အင်အား ၂၀ ခန့်တို့ ပူးပေါင်းထားသော စစ်ကြောင်းသည် ရေနံ့သာကျေးရွာ၏ အရှေ့ဘက်တွင် ကားများရပ်၍ ခြေတော်ရာမှ မြို့ဒင်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ၀င်ရောက်ပြီး ပြန်လည် ထွက်ခွာလာခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ ပြန်လည် ဆုတ်ခွာလာသော လမ်းရှိ ပြည်သာအေးကျေးရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်စီးနေစဉ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် စတင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းမှ ထွက်ပြေးသွားကြောင်း၊ ထိုသို့ ထွက်ပြေးသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သာအေးကျေးရွာ၏ အနောက်မြောက်အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃၀ ကျော် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ ၈၁ မမ လက်နက်ကြီးအဖူး ၁ ဖူး ၊ ၇၃ မမ RPG အဖူး ၃ ဖူး၊ ၇၅ မမ RPG အဖူး ၁ ဖူး၊ G-3ကျည် ၁၉ ထောင့်၊ ၅.၅၆ ကျည် ၆၃ ထောင့်၊ ဆီ ၁ ပုံးနှင့် Redmi အမျိုးအစား ဖုန်း ၁ လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲအတွင်းတော့ ကျွန်တော်တို့အနေနဲ့က နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတော့ရှိခဲ့ပေမယ့် အသေပျောက် စာရင်းတော့သတင်းလိုက် နေတုန်းပဲ စစ်ခွေးတွေ ဘက်ကနေလည်း ကျွန်တော်တို့ အနေနဲ့ ခဲယမ်း တချို့ရရှိခဲ့ပါတယ်။ စစ်ခွေး စစ်ကြောင်းကတော့ မတ္တရာဘက်ကို ပြန်ခေါက်သွားပြီ ရေနံ့သာက ပျူစောထီးတွေကတော့ သူတို့နေရာဖြစ်တဲ့ ရေနံ့သာစခန်းထဲကို ပြန်၀င်သွားတယ်” ဟု မိုးကြိုးပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တိုက်နယ် ၃ ပကဖများဖြစ်သည့် မိုးကြိုးပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ နဂါးညီနောင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ ၊ မဟာတပ်ဖွဲ့နှင့် ကျားသစ်နက်စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သာအေးကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

