30 C
Yangon

ပြည်သူ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များ သက်တမ်း ၅ နှစ် စစ်မှု ထမ်းရန် စာချုပ် လက်မှတ်ရေးထိုးရပြီး စစ်ကောင်စီက ပေါ်တင် လိမ်လည်

Must read

ရှေ့တန်းပို့ခံရခြင်း၊ ဖုန်းအသုံးပြုခွင့်မရခြင်း၊ မိဘနှင့်ဆက်သွယ်ခွင့်မပြုခြင်းနှင့် ခွင့်ယူခွင့်မရှိခြင်းများ ကြုံနေရ

ရန်ကုန်၊ ဇူလိုင် ၉

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်ထဲအသွင်းခံရသည့် ပြည်သူ့စစ်မှုထမ်းသင် တန်းဆင်း တပ်သားသစ်များကို စစ်ကောင်စီက သက်တမ်း ၅ နှစ် စစ်မှုထမ်းရန် စာချုပ် လက်မှတ်ရေးထိုးခိုင်းပြီး အခြေခံ အခွင့်အရေးများ ပိတ်ပင်ထားကြောင်း တပ်သားသစ်များ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အမှတ်(၁)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ) မှ စစ်မှုထမ်းအပတ်စဉ် ၁ ဆင်းသွားကြသည့် တပ်သားသစ်များကို စစ်ကောင်စီက သက်တမ်း ၂ နှစ်သာ တာဝန်ထမ်းဆောင်ရမည်ဟု ခေါ်ယူချိန်က ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် သက်တမ်း ၅ နှစ်တာဝန်ထမ်းဆောင်ရန် အတင်းအကျပ် လက်မှတ်ရေးထိုးစေခဲ့ကြောင်း တပ်သားသစ်တချို့၏ မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“စစ်မှုထမ်းရမယ့် သက်တမ်းက ၂ နှစ်မဟုတ်ဘူး အမေရေတဲ့။ ဖုန်းဆက်အကြောင်းကြားလာတယ်။ သက်တမ်းက ၅ နှစ်တဲ့။ လက်မှတ် မထိုးလို့လည်း မရဘူးတဲ့။ လက်မှတ်မထိုးမဖြစ် ထိုးပေးရတယ်။ အခုတော့ ကရင်ပြည်နယ်၊ ကော့ကရိတ်ရှေ့တန်းကို အပို့ခံထားရတယ်” ဟု တွံတေးမြို့သား တပ်သား သစ်၏ မိခင်ဖြစ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စစ်တပ်အသိုင်းအ၀ိုင်းကလည်း စစ်ကောင်စီက စစ်မှုထမ်းရမည့် လူငယ်များကို သက်တမ်း ၂ နှစ်သာ တာဝန်ထမ်းဆောင်ရမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့ တပ်သားသစ်များကို သက်တမ်း ၅ နှစ် လက်မှတ်ရေးထိုးခိုင်းနေကြောင်း ပြောဆိုကြသည်။

တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊ ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် စစ်မှု ထမ်း ဥပဒေဖြင့် တပ်သားသစ် လူငယ်များကို ၁၂ ပတ်ကြာ သင်တန်းပေးပြီးနောက် တပ်သားသစ်များကို သက်တမ်း ၅ နှစ်တာဝန်ထမ်းဆောင်ရန် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က အတင်းအကျပ် ဖိအားပေးခဲ့ကြောင်း သိရှိရသည်။

“စစ်မှုထမ်းရမယ့် သက်တမ်းက ၂နှစ် မဟုတ်ဘူး။ ၅ နှစ် တာဝန်ထမ်းဆောင်ရမယ် လက်မှတ်ထိုးဆိုပြီး ကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က တပ်သားသစ်တွေကို လက်မှတ်ထိုးခိုင်းတယ်။ ငြင်းတဲ့သူတွေကို ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်ကိုယ်တိုင် အဲဒီကောင်ကို ထိုးကွာဆိုပြီး ရိုက်နှက်ခိုင်းတယ်။ မဖြစ်မနေ လက်မှတ်ထိုးလိုက်ရတယ်” ဟု တပ်သားသစ်တစ်ဦး၏ အစ်ကိုဖြစ်သူ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် သင်တန်းမတက်မီက တပ်သားသစ်များကိုလည်း မူလမိမိတို့၏ ရပ်ရွာများတွင်သာ တာဝန်ချထားမည်ဟု ပြောဆိုခဲ့သော်လည်း သင်တန်းဆင်းပြီးချိန်တွင် နိုင်ငံတစ်ဝန်းရှိ စစ်မျက်နှာပြင် ရှေ့တန်းများသို့ စေလွှတ်လျက်ရှိကြောင်း သိရှိရသည်။

“ပလောက် အမှတ် ၁၂ ကျောင်းက သင်တန်းဆင်း တပ်သားသစ်တွေ အများစုက လားရှိုး ရမခ လက်အောက်ခံ တပ်တွေဆီ အပို့ခံထားရတယ်။ ကရင်နီ၊ ရခိုင်နဲ့ ကချင်ဘက်တွေကိုလည်း အပို့ခံထားရတယ်။ အုပ်စုတွေခွဲပြီး ပို့နေတာ” ဟု မြိတ်မြို့နယ်မှ တပ်သားသစ်၏ မိခင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် တပ်သားသစ်များအားလုံးသည် မိမိတို့၏ တာဝန်အချခံရမည့် ရှေ့တန်းသို့ မရောက်မချင်း မိုဘိုင်းလ်ဖုန်း သုံးခွင့်မရှိကြောင်း၊ မိဘများထံ ဖုန်းဆက်ခွင့်လည်းမရကြောင်း၊ ထို့ပြင် ခွင့်ယူခွင့်မရှိဘဲ ရှေ့တန်းမှ ထွက်ပြေးမည်ဆိုလျှင် ပစ်သတ်ခံရမည်ဟု ခြိမ်းခြောက်ခံထားရကြောင်း သိရှိရသည်။

“ဖုန်းကို နီးစပ်တဲ့ သူတွေဆီက ငှားပြီး အိမ်ကိုတော့ အကြောင်းကြားတယ်။ အရမ်းကို ဖိနှိပ်ခံနေရတယ်လို့ ပြောတယ်။ အခြေအနေ မကောင်းဘူး။ သေသွားရင်တောင် အကြောင်းကြားပေးပါ့မလားဆိုပြီး ဖုန်းထဲမှာ သားကလည်း ငို၊ ကိုယ်လည်း ငိုပဲ” ဟု မြိတ်မြို့နယ်မှ တပ်သားသစ် မိခင်က ရှင်းပြသည်။

စစ်ကောင်စီက ဧပြီလမှစတင်ပြီး စစ်မှုထမ်းအပတ်စဉ် ၁ စတင်ဖွင့်လှစ်ကာ ထောင်ချီသော လူငယ်များကို နိုင်ငံတစ်ဝန်း ဖမ်းဆီးပြီး လစဉ် တပ်သားသစ်များအဖြစ် စုဆောင်း သင်တန်းဆင်းမှုများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ တပ်သားသစ်များကို သက်ဆိုင်ရာရှေ့တန်းများသို့ စစ် သင်္ဘောဖြင့် ပို့ဆောင်စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ တပ်သားသစ်များကို သက်ဆိုင်ရာရှေ့တန်းများသို့ စစ် သင်္ဘောဖြင့် ပို့ဆောင်စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article