ရန်ကုန်၊ ဇူလိုင် ၁၇
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် ထောက်ပို့ကားတစ်စီးကို တိုက်ခိုက်ခဲ့ရာ ခမရ ၁၅ မှ ဒုအရာခံဗိုလ်များ အပါအဝင် စစ်သုံ့ပန်း ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း (MGN District-MDA3)မှ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းနှင့် ညောင်ဦးခရိုင်ရင်း ၅ တို့မှ တော်လှန်ရေး ရဲဘော်များက တောင်သာမြို့နယ် ဇဂျမ်း-နတ်စောင့်ရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သား ၃၀ ဦးခန့်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ထောက်ပို့ကားကို တောင်သာမြို့အထွက် မြေဖြူကုန်း-မိုးနှောင်းကင်း ကားလမ်းတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တပ်မ ၉၉ လက်အောက်ခံ မြင်းခြံ ခမရ ၁၅ တပ်ရင်းမှ ဒုအရာခံဗိုလ်များ ၊ တပ်ကြပ်ကြီးများ ၊ ဒုတပ်ကြပ်များ အပါအဝင် စစ်သုံ့ပန်း ၁၁ ဦး နှင့် စစ်သူနာပြု ၁ ဦး၊အရာရှိကတော် ၁ ဦး စုစု ပေါင်း ၁၄ ဦးကို လက်နက် ခဲယမ်းများနှင့် အတူ အရှင်ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၉ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် တောင်သာ-မြင်းခြံ နယ်ခြား တိုးဂိတ် ၅ ရှိ စစ်သား ၂၅ ဦး ၊ ရဲတပ်သား ၂၀ ခန့်ရှိသော အထိုင်စခန်း ၊ မြင်းခြံမှ စစ်ကူလာသော စစ်သားများနှင့် တောင်သာမြို့ အဝင် မကျီးရိုး စစ်တပ် အထိုင်ချ စခန်းတို့ကို ထပ်မံ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၈ ၊ ၉ တပ်ရင်းများ ၊ မြင်းခြံမြို့နယ် ပကဖ ၊ နွားထိုးကြီးမြို့နယ် ပကဖ ၊ မလှိုင်မြို့နယ် ပကဖ ၊ စွန်ရဲပြောက် ကျား နှင့် ဗိုလ်စားပြောက်ကျား အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar