■ မြန်မာ့အရေးက အာဆီယံအစည်းအဝေး၏ ထိပ်တန်းကိစ္စ ဖြစ်နေဆဲ
ရန်ကုန်၊ ဇူလိုင် ၂၅
မြန်မာနိုင်ငံ၏ အခြေအနေ ဆိုးရွားလာမှုက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးအပေါ် သက်ရောက်မှုရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောဆိုလိုက်သည်။
လာအိုနိုင်ငံတွင် ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့ အထိ ကျင်းပလျက်ရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး လာရောက်တက်စဥ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ကြောင်း AP သတင်းတစ်ရပ်အရ သိရှိရသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် နိုင်ငံရေးအကျပ်အတည်းမှ ထွက်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများနှင့် ဒုက္ခသည် အရေအတွက် တိုးမြင့်လာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း၊မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ သက်ဆိုင်သူအားလုံး ပါဝင်သော ဆွေးနွေးပွဲတစ်ရပ်ကို ဖော်ဆောင်ရန်၊ ယုံကြည်မှုနှင့် ယုံကြည်မှု တည်ဆောက်ခြင်းကို မြှင့်တင်ရန် အာဆီယံအား တိုက်တွန်းကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောဆိုကြောင်း AP သတင်းအရ သိရှိရသည်။
“မြန်မာနိုင်ငံမှာ ပိုဆိုးလာတဲ့ အခြေအနေတွေက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ကြိုးပမ်းမှုတွေအပေါ် တိုက်ရိုက် သက်ရောက်မှုရှိပါတယ်” ဟု သူက ဆိုသည်။
လက်ရှိတွင်မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် ထိပ်တန်းအရေးအဖြစ် ဆွေးနွေးရန်ရှိနေကြောင်း သိရှိရသည်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အရ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးအကြား တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံ အထူးသံတမန်၏ ကြားဝင်ဖျန်ဖြေမှု၊ အာဆီယံ လမ်းကြောင်းများမှတစ်ဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးနှင့် တွေ့ဆုံရန် အာဆီယံအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ လာရောက်ရန် တောင်းဆိုထားသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လျစ်လျူရှုထားဖြစ်ပြီး ယင်းအပေါ်လည်း အဖွဲ့ဝင်နိုင်ငံများအကြား အမြင်သဘောထား ကွဲလွဲမှုများဖြစ်ပေါ်နေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီး ဆန္ဒပြမှုများကို နှိမ်နင်းခဲ့ကာ အကြမ်းဖက်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ တစ်နေ့ တစ်ခြားတိုးပွား လာလျက်ရှိသည်။
လက်ရှိအချိန် မြန်မာနိုင်ငံကို အာဆီယံက အရေးယူသည့်အနေဖြင့် စစ်ကောင်စီဘက်မှ နိုင်ငံရေး ကိုယ်စားပြုသူများကို အာဆီယံထိပ်သီးအစည်းအဝေးများကို တက်ခွင့်မပြုဘဲ ပိတ်ပင်ထားပြီး လာအိုတွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် အောင်ကျော်မိုး တက်ရောက်လျက်ရှိသည်။
အာဆီယံ၏ ဥက္ကဋ္ဌတာဝန်ယူထားသော လာအိုနိုင်ငံ၊ ဥက္ကဋ္ဌ တာဝန်ယူခဲ့သော အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ယမန်နေ့တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar