ရန်ကုန်၊ ဇူလိုင် ၂၆
ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်သည် ရုတ်တရက် မြစ်ရေ တိုးလာမှုကြောင့် မြ၀တီမြို့နယ်တွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး မြ၀တီမြို့ ကမ်းနားနှင့် အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နေပြီဖြစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့မှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်နေစဉ် သောင်ရင်းမြစ်ရေကပါ မြင့်တက်လာသောကြောင့် ရေကြီးမှု အခြေ အနေ ဆိုးဝါးလာကြောင်း၊ မြ၀တီမြို့တွင်လည်း ရေဘေးအတွက် ဘုန်းကြီး ကျောင်းနှင့် စာသင်ကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်းတချို့ ဖွင့်လှစ်ထားပြီး ပြောင်းရွှေ့မှုများ လုပ်ဆောင်ပေးနေကြောင်း သိရှိရသည်။
“ဒီမနက် ၅ နာရီလောက်ကစပြီး ရေက အိမ်အောက်ထဲ ကုတင်ပါ မြုပ်လာတာ။ အခုတော့ အိမ်အောက်တစ်ထပ်လုံး ရေမြုပ်သလောက်ဖြစ်နေလို့ ရွှေ့သင့်ရွှေ့ထိုက်တာတွေတော့ ရွှေ့နေပြီ။ မိုးကလည်း တအားကောင်းနေတော့ ရေကဆက်ပြီး တက်မယ်၊ ကြီးဦးမယ်ထင်တယ်” ဟု မြ၀တီမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ယမန်နေ့ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက မြဝတီ – ထို့ကော်ကိုး – ဘားအံလမ်းပိုင်းရှိ နောင်ခွီး တံတား ချဉ်းကပ်လမ်းပိုင်းမြေသားကို တောင်ကျရေ တိုက်စားသွားဖြင့် ဖြတ်သန်းမရသည်အထိ ပျက်စီးသွားကြောင်း၊ ယင်းတံတားသည် ဘားအံ ခရိုင် ၊ ပိုင်ကျုံမြို့နယ်ခွဲတွင် တည်ရှိပြီး မြဝတီ – ထို့ကော်ကိုး -ဘာအံလမ်းပိုင်းဖြတ်သန်းသွားလာ၍ မရတော့ကြောင်းသိရသည်။
အလားတူ ဘားအံမြို့တွင်လည်း သံလွင် မြစ်ရေသည် စိုးရိမ်ရေမှတ် အထက် ၁ ပေခွဲခန့် ကျော်လွန်နေပြီး မြေနိမ့်ပိုင်းရပ်ကွက်များ အတွင်း ရေဝင်ရောက်မှုရှိကြောင်း သိရှိရသည်။
“ဘားအံ ကမ်းနားလမ်းမှာဆိုရင် ရေက ပင်လယ်ပြင်ကြီးလိုဖြစ်နေပြီ။ ကမ်းနားလမ်းတော့ မြုပ်သွားပြီ။ ဒီထက် ရေတက်လာရင် ဘားအံမြို့အတွင်းပါ ရေရောက်တော့မယ်။ မိုးကလည်း ကောင်းနေတုန်းပဲ။ အနိမ့်ပိုင်းတွေတော့ ရွှေ့နေကြရပြီ” ဟု ဘားအံမြို့ခံတစ်ဦးကဆိုသည်။
ထို့အတူ မိုးအဆက်မပြတ်ရွာသွန်းမျုကြောင့် ကျိုက်ဒုံမြို့တွင်လည်း ဟောင်သရောမြစ်ရေတက်လာကာ မြို့ပေါ်ရပ်ကွက်များတွင် ရေဝင်နစ်မြှုပ်မှုရှိကြောင်း၊ ဘီးလင်းမြို့နယ်တွင် မြစ်ရေနှင့် ချောင်းရေများ ဝင်ရောက်လာမှုများကြောင့် ဒေသပြည်သူများ ပြောင်းရွှေ့နေရမှုများရှိနေကြောင်း သိရှိရသည်။
Photo By မြ၀တီမြို့ဒေသပြည်သူများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







