ရန်ကုန်၊ ဇူလိုင် ၂၉
အကြမ်းဖက် စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့မှစတင်ပြီး ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများကို ငွေကျပ် သုံးသောင်စီ တိုးမြှင့်ပေးမည်ဟု ကြေညာလိုက်မှုကြောင့် ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေစျေးမှာ တစ်ကျပ်သားလျှင် ၆၄ သိန်း ၉ သောင်းအထိ စံချိန်တင်မြင့်တက်သွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“ကမ္ဘာ့ရွှေစျေးက ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၉၀ လောက်ရှိတယ်။ ကမ္ဘာ့ရွှေစျေးက အပြောင်းအလဲ နည်းတယ်။ မြန်မာ့ရွှေစျေးက ထိုးတက်နေတာ။ အခု အရောင်း( ရွှေကုန်သည်က ဝယ်လက်ထံ ရောင်းချခြင်း) မီးလင်းရွှေက တစ်ကျပ်သားကို ၆၄ သိန်း ၉ သောင်း။ အဝယ် (ရွှေကုန်သည်က ဝယ်လက်ထံမှ ပြန်လည်ဝယ်ယူခြင်း) က ၆၄ သိန်း ၂ သောင်းနဲ့ ပြန်ဝယ်တယ်။ အဝယ်တွေချည်းပဲ။ အရောင်းပါးတယ်။ မရှိသလောက်နည်းတယ်။ နောက်ပြီး မိုးတွင်းဖြစ်တာ ရေကြီးတာကြောင့် ရွှေတူးဖော်ရေးအလုပ်တွေ ရပ်ထားရတော့ ရွှေအဝင်လည်း မရှိဘူး။ စျေးကွက်မှာ ရှိတဲ့ ရွှေကိုပဲ လှည့်ပတ်ပြန်ရောင်းနေရတာ” ဟု ရွှေကုန်သည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရွှေစျေးနှုန်းများ စံချိန်တင်မြင့်တက်နေခြင်းကြောင့် ရန်ကုန်ရွှေကုန်သည်များမှာ စစ်ကောင်စီ၏ ဖမ်းဆီးစစ်ဆေးခြင်းခံရမည်ကို စိုးရိမ်၍ တိမ်းရှောင်မှုများလည်းရှိနေကြောင်း သိရှိရသည်။
အလားတူ အမေရိကန်ဒေါ်လာမှာမူ တစ်ဒေါ်လာလျှင် ငွေကျပ် ၅၂၃၀ ကျပ်ဝန်းကျင်တွင် စျေးရှိနေကြောင်း၊ ဒေါ်လာ အဝယ်သာများပြားပြီး အရောင်းမရှိကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းများနှင့် အငြိမ်းစားများအားလုံးကို ဩ ဂုတ် လ ၁ ရက်နေ့မှစတင်၍ ငွေကျပ် သုံးသောင်း ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အောက်တိုဘာလတွင် နိုင်ငံ့ဝန်ထမ်းများကို လက်ရှိလစာအပြင် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ကြေးကို ပထမအကြိမ် တိုးမြှင့်ပေးခဲ့ကြောင်း၊ ယခုအခါ လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ်အဖြစ် ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၃၀၀၀၀ စီ ဒုတိယအကြိမ် ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။
စစ်ကောင်စီက တစ်နိုင်ငံလုံးမှ ဝန်ထမ်းများနှင့်အငြိမ်းစားများကို လစာတိုးမြှင့်မည်ဟု ကြေညာပြီးနောက်ပိုင်း စျေးကွက်တွင် လှုပ်ခတ်မှုများဖြစ်လာပြီး ရွှေစျေးနှင့် ဒေါ်လာစျေးများ စံချိန်တင် အမြင့်ဆုံးသို့ မြင့်တက်လာခြင်းဖြစ် ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar