ရန်ကုန်၊ ဇူလိုင် ၃၁
အကြမ်းဖက်စစ်ကောင်စီ၏ ဝန်ထမ်းများ လစာတိုးမြှင့်ပေးလိုက်မှု ဂယက်ကြောင့် အမေရိကန်ဒေါ်လာစျေးများ စံချိန်တင် မြင့်တက်မှုများ ဖြစ်ပေါ်လာပြီးနောက် ရန်ကုန်နှင့်မန္တလေးတွင် ယနေ့ နံနက်ပိုင်း စက်သုံးဆီ ရရှိနိုင်ရေး ဆိုင်ကယ်နှင့်ကားများ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဇူလိုင်လ ၂၆ ရက်နေ့ စစ်ကောင်စီက ဝန်ထမ်းနှင့်အငြိမ်းစားများအားလုံး၏ လစာများကို ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ငွေကျပ် သုံးသောင်း တိုးမြှင့်မည်ဟု ကြေညာခဲ့ပြီးနောက် စျေးကွက်တွင် အမေရိကန်ဒေါ်လာစျေးနှုန်းများ တဟုန်ထိုးမြင့်တက် လာကြောင်း၊ ထိုအချိန် စက်သုံးဆီးတင်သွင်းသူများကို စစ်ကောင်စီက ဆီတင်သွင်းရန် လိုအပ်သော အမေရိကန်ဒေါ်လာများ လုံလောက်စွာ မရောင်းချပေးသည့်အပြင် စက်သုံးဆီစျေးနှုန်းများကိုလည်း အနိမ့်စျေးဖြင့်သာ သတ်မှတ် ဆက်လက် ရောင်းချ ခိုင်းသဖြင့် ဆီတင်သွင်းသူများ အရှုံးပေါ်လာကြောင်း၊ ထို့ကြောင့် ဆီတင်သွင်းမှု လျော့ကျလာပြီး စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဆီတင်သွင်းသူများထံမှ စုံစမ်းသိရှိရသည်။
ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီတန်းစီးသော ကားများရှိသော်လည်း အခြေအနေ ဆိုးဝါးခြင်းမရှိသေးဘဲ စက်သုံးဆီ ဝယ်ယူ၍ ရနိုင်သေးကြောင်း၊ သို့ရာတွင် ဆီဆိုင်တိုင်းတွင် တန်းစီသော ကားများဖြင့် ပြည့်နေပြီး ဆီဝယ်ယူရန် အနည်းဆုံး မိနစ် ၃၀ ကြာစောင့်ဆိုင်း ဝယ်ယူရကြောင်း သိရှိရသည်။
“မနက် ၅ နာရီလောက်ကတည်းက ဆီဆိုင်တွေမှာ ကားတွေ တန်းစီကြတယ်။ တချို့ဆိုင်တွေက မနက် ၆ ခွဲလောက်ရောင်းပေးတယ်။ ဆီဆိုင်တော်တော်များကတော့ 92 နဲ့ 95 ဓာတ်ဆီကို ရောင်းပေးကြတယ်။ ကားတစ်စီး ငွေ သုံးသောင်းဖိုးပဲ ကန့်သတ် ရောင်းပေးတဲ့ ဆိုင်လည်းရှိတယ်။ ဒီပုံစံလေးဆိုရင်တော့ တော်သေးတယ်။ မွန်းလွဲပိုင်းလောက်မှာ ဆီပြတ်သွားရင် တော့ မပြောတတ်ဘူး။ နေ့စဉ်တော့ ဆီပြတ်မှာ စိုးရိမ်လာရပြီ” ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။
မန္တလေးတွင်မူ စက်သုံးဆီ ဝယ်ယူမရသည့် အခြေအနေ အလွန်ဆိုးဝါးနေကြောင်း မန္တလေးမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
“မနေ့ကတည်းက စက်သုံးဆီတွေ ပြတ်လပ်ကုန်တယ်။ ဆီဆိုင်တွေမှာ ဆိုင်ကယ်တွေ၊ သုံးဘီးတွေ ကားတွေ ကြိတ်ကြိတ်တိုးနေတယ်။ အခုမနက်လည်း ကြိတ်ကြိတ်တိုးနေတယ်။ ဆီက လိုသလောက်ဝယ်လို့မရဘူး။ ဆိုင်ကယ်ဆိုရင် ဓာတ်ဆီ ၅၀၀၀ ဖိုး၊ ကားဆိုရင် ဓာတ်ဆီ ၃ သောင်းဖိုးပဲ ရောင်းပေးတယ်။ မန္တလေးမှာတော့ စက်သုံးဆီ ပြဿနာက အတော်ကြီးကြီးမားမား ပြန်ဖြစ်နေပြီ” ဟု မန္တလေးမှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ရန်ကုန်စက်သုံးဆီစျေးနှုန်းများမှာ 92 ဓာတ်ဆီ တစ်လီတာ ၂၆၃၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၂၇၅၀ ကျပ် ဖြစ်ပြီး မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင်များတွင် 92 ဓာတ်ဆီ တစ်လီတာ ၂၇၁၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၂၈၃၀ ကျပ် စစ်ကောင်စီက သတ်မှတ်ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ – ရန်ကုန်နှင့်မန္တလေးတွင် ယနေ့နံနက်ပိုင်း စက်သုံးဆီရရှိရေး တန်းစီ ဝယ်ယူနေရသည့်မြင်ကွင်းများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar