ရန်ကုန် ၊ ဇူလိုင် ၃၁
ထိုင်းနိုင်ငံတွင် G to G စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအနေဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းဘဏ်များသို့ လွှဲပြောင်းထားသည့် အထောက်အထား ပြသ နိုင်မှ သာ စာရွက်စာတမ်း ဆက်လက်ဆောင်ရွက်ပေးရန် စစ်ကောင်စီက ညွှန်ကြားတစ်ရပ်ကို ထုတ်ပြန်သည်။
ဩဂုတ်လ ၁ ရက်နေ့မှစ၍ မြဝတီမြို့နှင့်ကော့သောင်းမြို့များရှိ MoU U-turn စခန်းများ၌ U-turn လုပ်ငန်း စဉ်ဖြင့် မြန်မာအလုပ် သမားများ ထိုင်းနိုင်ငံသို့ ပြန်လည်စေလွှတ်ရာတွင် အခြေခံ လစာ ၃ လစာ (ခန့်မှန်းဘတ် ၂၄၀၀၀) ၏ ၂၅ ရာခိုင်နှုန်း (ဘတ် ၆၀၀၀) ကို မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ လည်း ကောင်း၊ မြန်မာနိုင်ငံရှိ အလုပ် သမားများ၏ ဘဏ်စာရင်းသို့လည်းကောင်း တရားဝင် လွှဲပြောင်းပေး ပို့သည့် အထောက် အထားပြသနိုင်မှသာ ထိုင်းနိုင်ငံသို့ စေလွှတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက စာထုတ်ထားသည်။
မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ ငွေလွှဲပေးပို့ရန် မရှိသည့် အလုပ်သမားများသည် အချိန်ကြန့်ကြာမှုများ ဖြစ်ပွားနိုင်သဖြင့် မိသားစု လွှဲပို့ငွေ တရားဝင်လွှဲပြောင်းပေးပို့ထားကြောင်း အထောက်အထားများကို U-turn စခန်းများ သို့ လုပ်ငန်းစဉ် လာရောက်မဆောင်ရွက်မီ ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း သိရှိရသည်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီ များအနေဖြင့်လည်း စစ်ကောင်စီ၏ ညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းက ကြီးကြပ်ဆာင်ရွက်သွားရန် အကြောင်းကြားပါကြောင်း အလုပ် သမားဝန်ကြီးဌာနက စာထုတ်ပြန်ထားသည်။
“ထိုင်းနိုင်ငံ G to G စနစ်နဲ့ပို့နေတဲ့ MoU အလုပ်သမားတွေကို ဒုက္ခပေးတာပေါ့၊ ဒါက ထိုင်းက အ လုပ်သမားတွေအားလုံးကို ဒုက္ခပေးတဲ့စာပဲ။ အတင်းအဓမ္မမဖြစ်မနေကို ပိုက်ဆံသွင်းမှသာလျှင် အလုပ်လုပ်ခွင့်တွေ၊ စာရွက်စာတမ်းတွေ၊ ထွက်ခွာခွင့်တွေ အဆင်ပြေမယ့်အနေအထားမျိုးဖြစ်သွား တာပေါ့။ သက်သက်ညစ်တာပါ” ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူ AAC ကိုရဲမင်းက သုံးသပ်ပြောကြားသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ အလုပ်သမား သန်းချီ သွားရောက် အလုပ်လုပ်နေကြပြီး စစ်ကောင်စီက အဆိုပါ အလုပ်သမားများထံမှ အခွန်နှင့် နိုင်ငံခြားငွေများကို ရရှိရေးအတွက် ပုံစံမျိုးစုံဖြင့် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက သုံးသပ်ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar