ရန်ကုန်၊ ဩဂုတ် ၂
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့ ည ၁၀ နာရီကျော်အချိန် မြောက်ဥက္ကလာပမြို့နယ် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း၊ ဗုံးပေါက်ကွဲမှုမှာ ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ပြီး မီးခိုးများ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ကြောင်း သိရှိရသည်။
“ဗုံးကွဲပြီးတော့ စစ်ခွေးတွေ ရောက်လာတယ်။ ဗုံးပေါက်ကွဲတဲ့ အမှတ် ၂ ရပ်ကွက်ရုံးနားမှာ ရှာဖွေတာတွေလုပ်တယ်။ ပြီးတော့ ဘုန်းကြီးလမ်းမီးပွိုင့်ကနေ ဘေလီမီးပွိုင့်အထိ လမ်းတွေပိတ်ပြီး စစ်တယ်။ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်တာမျိုးမရှိဘူး။ စစ်ကားတွေကတော့ အများကြီးပဲရောက်လာတာ။ ၁ နာရီလောက်ပိတ်ဆို့စစ်ပြီးမှ ပြန်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယခုရက်ပိုင်း ရန်ကုန်မြို့တွင် ၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးကို ထောက်ခံသောအားဖြင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များက စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ဦးတည်သော တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများ၊ ရုံးများနှင့် ဝေးရာနေရာများတွင်သာ သွားလာလှုပ်ရှားကြရန် မြို့ပြပြောက်ကျားအဖွဲ့တချို့က သတိပေးထားသည်။
ဓာတ်ပုံ – မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar