မြင်းမူမြို့ အဝင်တွင် ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
ရန်ကုန်၊ ဩဂုတ် ၃
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အဝင်တွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂ ရက်နေ့တွင် မွန်းလွဲ ၃ နာရီခန့်တွင် မြင်းမူမြို့ အဝင်တွင် ခရီးသွား ပြည်သူများထံမှ ဆက်ကြေးကောက်နေသည့် အကြမ်းဖက် စစ်သားနှင့် ရဲ ၁၀ ဦးခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ၇၉ မမ ဗုံးသီး ၃ လုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး ဆိုင်ကယ်များတွန်း၍ ထွက်ပြေးသွားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက မြို့လယ်ခေါင်မှာ ဆိုင်ကယ်မစီးနိုင်ဘဲ တကွဲတပြား ဆိုင်ကယ်တွေ တွန်းပြီး ထွက်ပြေးသွားတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ မြင်းမူမြို့ခံ ပြည်သူတွေအနေနဲ့ စစ်ခွေးတွေနဲ့ ကင်းကင်းရှင်းရှင်းနေပေးဖို့ရယ် မြင်းမူမြို့ ပြည်သူတွေ အပေါ် အနိုင်ကျင့်လို့မရဘူး။ နေရာတိုင်းမှာ ကျန်တော်တိုအမြဲတမ်းရှိနေမယ်ဆိုတယ်ဆိုတာ ဒီကောင်တွေကို သတိပေးတိုက်ခိုက်တာ” ဟု Moe Nyo Revolution Force M.N.R.F အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.F ၊ စစ်ကိုင်းမြို့နယ် တိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ ၂ နှင့် Dog Killer People Defence Force DK MMU တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။