ရန်ကုန်၊ ဩဂုတ် ၇
ဧရာ၀တီတိုင်း၊ မြောင်းမြအကျဉ်းထောင်တွင် ရိုဟင်ဂျာ အကျဉ်းသား ၄ ဦးသည် လွတ်ရက်စေ့သော်လည်း ပြန်လည် လွှတ်ပေးခြင်းမရှိဘဲ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသွားကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ ရိုဟင်ဂျာ ၄ ဦး ဧရာ၀တီတိုင်းအတွင်း ရေလမ်း၊ ကုန်းလမ်းဖြင့် ရခိုင်မှ ထွက်ခွာရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရသူများဖြစ်ပြီး ထောင်ဒဏ်များ ချမှတ်ခံရကာ မြောင်းမြထောင်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်ရက်စေ့ခဲ့သော်လည်း သက်ဆိုင်ရာက ပြန်လည် လွှတ်ပေးခြင်းမရှိဘဲ အကျဉ်းထောင်တွင်ပင် ဆက်လက်ထားရှိခဲ့ကြောင်း၊ ယင်းရိုဟင်ဂျာ ၄ ဦးမှာ အာဟာရချို့တဲ့ခြင်း၊ ကျန်းမာရေး မကောင်းမွန်ချိန် ဆေးဝါးကုသမှု အချိန်မီ မရရှိခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရမှုများကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မြောင်းမြအကျဉ်းထောင်အတွင်းတွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများပေါ် အကျဉ်းထောင်ဝန်ထမ်းများက ဖိနှိပ်မှုများစွာ လုပ်ဆောင်နေကြကြောင်း၊ အကျဉ်းထောင်ဝန်ထမ်းများက ငွေကြေးတောင်းခံခြင်း၊ တန်းစီးများက ငွေတောင်းခြင်း လုပ်ဆောင်ကြောင်း၊ မြောင်းမြထောင် မိန်းဂျေးတွင် အများဆုံးတာဝန်ကျသည့် အကျဉ်းဦးစီးဝန်ထမ်း သန့်ဇင်ကျော်က နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံသို့ ဖုန်းနှင့်ဆက်သွယ်၍ ငွေကြေးတောင်းခံနေကြောင်း သိရှိရသည်။
” အကျဉ်းဦးစီး ဝန်ထမ်း သန့်ဇင်ကျော်က နိုင်ကျဉ်းမိသားစုတွေဆီက ငွေလိုက်တောင်းတယ်။ နိုင်/ကျဉ်းမိသားစု ၁၀ စုကျော်တယ်။ပျှမ်းမျှတွက်လိုက်မယ်ဆိုရင် ၁၀ သိန်းနီးပါးလောက်ရှိတယ်”ဟု အကျဉ်းထောင်ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် မြောင်းမြထောင် အိပ်ဆောင် ၂ မှ မုဒိန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသူ တန်းစီးချုပ် ရာဇဝတ်အကျဉ်းသား မောင်အေးက နိုင်ငံရေးအကျဉ်းသားများ၊ အချုပ်သစ်နှင့် အကျသစ်အကျဉ်းသားများကို တစ်ဦးလျှင် ပုံစံကြေး ၅၀၀၀၀ ကျပ်တောင်းခံနေပြီး မပေးသည့် အကျဉ်းသားများကို ရိုက်နှက်မှုများ လုပ်ဆောင်ကြောင်း၊ ထောင်ဝန်ထမ်းဘဝမှ ဆေးမှုနှင့် ထောင်ကျနေသော ရာဇဝတ်အကျဉ်းသား တုတ်ပေါနှင့် ရဲသူအောင်တို့ကလည်း နိုင်ကျဉ်းများထံမှ ငွေကြေးတောင်းခံနေပြီး ငွေမပေးပါက အလုပ်ကြမ်းခိုင်းခြင်း၊ ရိုက်နှက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“နိုင်ကျဉ်းတွေက အဲဒီကိစ္စတွေကို ဒုထောင်ပိုင်ဖြစ်တဲ့ တင့်လွင်တို့ နောက်ကြီးကြပ်ရေးမှူး ထောင်မှူးပေါ့ ကျော်ဇေယျတို့ လက်ထောက်ကြီးကြပ်ရေးမှူးဖြစ်တဲ့ စိုးရန်နိုင်တို့ကို တိုင်တဲ့အခါ ဒီလူတွေက ငါတို့ ခန့်ထားတဲ့ လူတွေ အရေးမယူနိုင်ဘူးဆိုပြီး တိုင်တဲ့ နိုင်ကျဉ်းတွေကို ခြေချင်းခတ်တာတွေ လုပ်တယ်။ သူတို့ကိုလည်း နိုင်ကျဉ်းတွေဆီက ကောက်လို့ရတာတွေ ခွဲပေးရတယ်လို့ ပြောတယ်”ဟု အကျဉ်းထောင်ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မုဒိမ်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသော တန်းစီးချုပ် မောင်အေးက အမျိုးသမီးအဆောင်ဘက်မှ နိုင်ငံရေးအကျဉ်းသူများကို နှုတ်ဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ လုပ်ဆောင်သော်လည်း ထောင်အာဏာပိုင်များက အရေးယူခြင်း မပြုဘဲ မသိချင်ယောင်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ – အကျဉ်းထောင်ဆူပူနှိမ်နင်းရေး သရုပ်ပြမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar