ငါန်းဇွန်မြို့နယ်၊ ကုန်လည်ရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အထိုင်ချ တပ်ဆွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၅
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကုန်လည်ရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း TGYR Youth Guerrilla Counter Revolution – NZ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။
ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ငါန်းမြာကြီးကျေးရွာမှ ထွက်ခွာလာသော အင်အား ၅၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုန်လည်ကျေးရွာကို ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း အထိုင်ချ တပ်ဆွဲနေချိန် တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ဗုံးသီး ၆ လုံးသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိသော နေရာအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပြီး ညနေနဲ့ ညမှာ ပြည်သူတွေ ရွာမှာ မနေရဲကြလို့ တောဘက် ထွက်ပြေးကြရတာ။ ပြည်သူ မြင်လို့ကို လိုက်ပစ်နေတာ။ အတော်ပစ်တယ်” ဟု TGYR Youth Guerrilla Counter Revolution – NZ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တိုက်ခိုက်မှုအပြီး ငါန်းမြာကြီးကျေးရွာဘက်မှ ဖောကား ၁ စီးဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထပ်မံရောက်ရှိလာပြီး ကျေးရွာနေ ပြည်သူများကို လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို TGYR Youth Guerrilla Counter Revolution – NZ၊ 925 ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် (ပကဖ) တပ်ရင်း ၅ မန္တလေး တို့က ပူပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။