30 C
Yangon

၂၀၂၅ ခုနှစ်တွင် ကြားကာလ တော်လှန်ရေးအစိုးရ ၊ TNLA နှင့် ပြည်သူများ ပူးတွဲ စီမံအုပ်ချုပ် သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ဗိုလ်ချုပ် တားဘုန်းကျော် ပြောဆို၊ သိမ်းပိုက်ထားသော မြို့များကို အုပ်ချုပ်ရေး အတွက် CDM ဝန်ထမ်းများကို ဖိတ်ခေါ်

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

လာမည့် ၂၀၂၅ ခုနှစ်တွင် TNLA သိမ်းပိုက်ထားသော မြို့များကို ကြားကာလ တော်လှန်ရေးအစိုးရ ၊ TNLA နှင့် ပြည်သူများ ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောဆိုလိုက်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ အတွင်း ထပ်မံသိမ်းပိုက်ရရှိသည့်မြို့များတွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေး TNLA အထွေ ထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့်အဖွဲ့များက လူထုတွေ့ဆုံပွဲ ပြုလုပ်စဉ် ၎င်းက အထက်ပါအတိုင်း​ ပြောဆိုလိုက်ခြင်းဖြစ် သည်။

လက်တလော ကာလအတွက် အုပ်ချုပ်ရေးလုပ်ငန်းများကို PSLF/TNLAက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် ကြားကာလ တော်လှန်ရေးအစိုးရ၊ TNLA နှင့် အရပ်သားများ ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောဆိုသည်။ ထို့ပြင် လိုအပ်နေသည့် ကျွမ်းကျင်ဝန်ထမ်းများကို မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းများအား ဖိတ်ခေါ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့သည်။

ဩဂုတ်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်သည့် ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်စသည့်မြို့များသို့ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဗဟို အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့အဖွဲ့က ကွင်းဆင်းလေ့လာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ခရီးစဉ်တွင် သိမ်းပိုက်ရရှိထားသည့် တပ်စခန်းနှင့် အစိုးရဆိုင်ရာဌာနရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများအား သွားရောက် လေ့လာခဲ့ကြောင်း၊ မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တွင် လူထုတွေ့ဆုံမှုပါ ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ရေးအတွက် မြို့ခံပြည်သူလူထုထံသို့ ရှင်းပြခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၁၇ ရက်နေ့ မိုးကုတ်မြို့တွင်လည်းကောင်း၊ သြဂုတ်လ ၁၈ ရက်နေ့တွင် မိုးကုတ်မြို့နယ်တွင်လည်းကောင်း လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ လူထုတွေ့ဆုံပွဲအပြင် ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အဖွဲ့ဝင်များက ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့တွင်ရှိသည့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား ဌာနအလိုက်တွေ့ဆုံကာ လုပ်ငန်းများအတွက် အကြံပြုချက်များ၊ လမ်းညွှန်မှုများလည်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ သည် ဇွန်လ ၂၅ ရက်နေ့တွင် ပြန်လည်စတင်ပြီး TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စသည့် မြို့နယ်များကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article