31 C
Yangon

မြန်မာနိုင်ငံမှ ကြောက်မက်ဖွယ် အကြမ်းဖက် ရာဇဝတ်မှုများ အဆုံးသတ်ရေး နိုင်ငံတကာ၏ စကားလုံးများဖြင့် မလုံလောက်တော့ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် IIMM အကြီးအကဲ တောင်းဆို

Must read

မြန်မာနိုင်ငံမှ ကြောက်မက်ဖွယ် အကြမ်းဖက် ရာဇဝတ်မှုများ အဆုံးသတ်ရေး နိုင်ငံတကာ၏ စကားလုံးများဖြင့် မလုံလောက်တော့ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် IIMM အကြီးအကဲ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၉

မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်သော နေသော ကြောက်မက်ဖွယ် ရာဇဝတ်မှုများ အပါအဝင် အကြမ်းဖက်မှုများ အဆုံးသတ်ရေး နိုင်ငံတကာ၏ စကား လုံးများဖြင့် မလုံလောက်တော့ကြောင်း ၅၇ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန် မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM) အကြီးအကဲ Mr. Nicholas Koumjian အစီရင် ခံစာတင်သွင်း တောင်းဆိုလိုက်သည်။

စက်တင်ဘာလ ၉ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၏ ၅၇ ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် IIMM အကြီးအကဲ Mr. Nicholas Koumjian က လူ့အခွင့်အရေးကောင်စီသို့ အစီရင် ခံစာတင်သွင်းပြီး အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“လူ့အခွင်အရေးကောင်စီအဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုတွေနဲ့ ကြောက်မက်ဖွယ် ရာဇ၀တ်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ယန္တရားဖွဲ့စည်းမှုရဲ့ အကြောင်းခံဖြစ်တဲ့ ရိုဟင်ဂျာ ရှင်းလင်းစစ်ဆင်ရေး ဖြစ်ခဲ့တာလည်း ခုနစ်နှစ်ကြာပြီဖြစ်သလို၊ စစ်တပ်က အာဏာသိမ်းခဲ့တာ သုံးနှစ်ခွဲကြာခဲ့ပါပြီ။ ဒါပေမဲ့လည်း အကြမ်းဖက်မှုတွေသာ ပိုတိုးနေပါတယ်။ မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်နေကြပြီး အိမ်နီးချင်းနိုင်ငံတွေလည်း နယ်စပ်ဖြတ်ကျော်ထွက်ပြေးကြသူတွေရဲ့ ဝန်ကို ထမ်းပိုးနေရပါတယ်။ ရှင်းရှင်းပြောရရင် စကားလုံးတွေသက်သက်က မလုံလောက်ပါ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေပြီး ပိုမို ရက်စက်စွာ ကျူးလွန်လာကြောင်း၊ အရပ်သားများသည် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရုံမကဘဲ ကြောက်ရွံ့စေရေး ဦးတည် တိုက်ခိုက်ခံနေရကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပိုမို လုပ်ဆောင်လာပြီး ပြည်သူများ၏ သေဆုံးမှုနှုန်းလည်း မြင့်တက်လာကြောင်း ၎င်း၏ ပြောဆိုချက်အရ သိရှိရသည်။

“မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အကြိမ်ပိုတိုးကာ၊ ပိုမိုရက်စက်စွာ ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကို ယန္တရားက တွေ့ရှိထားပါတယ်။ ဒီဖြစ်ရပ်တွေမှာ အရပ်သားတွေဟာ နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုတွေကိုသာ ကြုံရရုံမဟုတ်ဘဲ၊ သူတို့ကို ကြောက်ရွံ့စေဖို့လို့ ထင်ရတဲ့ ဦးတည်ထားတိုက်ခိုက်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက နိုင်ငံအနှံ့ ပိုမိုပြင်းထန်နေပါတယ်။ စစ်ကိုင်းတိုင်းက မင်္ဂလာဆောင်တစ်ခုနဲ့ ဘုန်းကြီးကျောင်းတွေရယ်၊ ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတစ်ခုရယ်၊ ပြီးတော့ ကယား၊ ကရင် နဲ့ ချင်းပြည်တွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာ လေယဉ်ကနေ ဗုံးကြဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ညစျေးတစ်ခုအနီး လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လူတစ်ဒါဇင်ခန့် သေဆုံးခဲ့ရပါတယ်”ဟု IIMM အကြီးအကဲက ပြောသည်။

စစ်တပ်က ကျူးလွန်သော ရက်စက်မှုများနှင့် အကြမ်းဖက်မှုများအတွက် သက်သေအထောက် အထားများ ရရှိခဲ့ပြီး မုဒိမ်းကျင့်ခြင်း ၊ လိင်အင်္ဂါ အစိတ်အပိုင်းများကို မီးရှို့ခြင်း အပါအဝင် ရက်စက်သော ရာဇဝတ်မှုဆိုင်ရာ သက်သေအထောက်အထားများ စုဆောင်းရရှိထားကြောင်း IIMM က ပြောသည်။

“ထောင်ချီတဲ့ ဖမ်းဆီးခံထားရသူတွေကို နှိပ်စက်ညှဥ်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအပါအဝင် ရာဇဝတ်မှုများစွာ ကျူးလွန်ကြောင်း သတင်း ပေးပို့ချက်နဲ့ ထွက်ဆိုချက်များစွာကို ယန္တရားက စုဆောင်းထားပါတယ်။ ရိုက်နှက်ခြင်း၊ လျှပ်စစ်နဲ့ ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်းနဲ့ လက်သည်းတွေကိုပလာယာနဲ့ ဆွဲထုတ်ပြီး နှိပ်စက်ခြင်း တွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ ထိခိုက်နစ်နာသူတွေနဲ့ မျက်မြင်သက်သေတွေက ထွက်ဆိုခဲ့ပါတယ်။ ဂျင်ဒါအားလုံးထဲက ထိခိုက်ခံရသူတွေနဲ့ က‌လေးတွေကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ ခန္ဓာကိုယ် လိင်အင်္ဂါအစိတ်အပိုင်းတွေကို မီးရှို့ခြင်း၊ အခြား အကြမ်း ဖက်တဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ဂျင်ဒါအခြေပြုရာဇ၀တ်မှုတွေ ကျူးလွန်ဆောင်ရွက်တဲ့ အထောက်အထားတွေကိုပါ ရရှိထားပါတယ်” ဟု ၎င်းက လူ့အခွင့်အရေးညီလာခံတွင် ပြောဆိုသည်။

အလားတူ ရခိုင်ပြည်နယ်တွင်လည်း ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့်ကလေးများ အပါအဝင် ရိုဟင်ဂျာဒါဇင်ပေါင်းများစွာ၏ ရုပ်အလောင်းများကို တွေ့ရကြောင်း၊ အဆိုပါဖြစ်စဉ်အတွက် ကျူးလွန်သူများကို ဖော်ထုတ်ရန် အရေးကြီးကြောင်း သူက ထောက်ပြသည်။

“ပြီးခဲ့တဲ့လအတွင်း ပျံ့နှံ့ခဲ့တဲ့ဗွီဒီယိုတစ်ခုမှာ မြန်မာနိုင်ငံကထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာတွေကို ဒရုန်းနဲ့တိုက်ခိုက်မှုလုပ်အပြီးအခြေအနေတွေကို ရိုက်ပြထားတာဟာ အထူးတုန်လှုပ်ဖွယ်ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးအများစုပါဝင်တဲ့ ရုပ်အလောင်း ဒါဇင်ပေါင်းများစွာကို မြစ်ကမ်းတလျှောက် ခရီးဆောင်အိတ်တွေရဲ့ဘေးတွေမှာ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။ သေဆုံးသူတွေဟာ အရပ်သားတွေဆိုတာ သိသာထင်ရှားနေပါတယ်။ ဒီတိုက်ခိုက်မှုကို စစ်ရေးရည်ရွယ်ချက်ကြောင့် လုပ်ဆောင်တယ်ဆိုတာ ယုံကြည်ဖို့ ခဲယဥ်းလှပါတယ်။ ကျွန်တော်တို့အနေနဲ့ အထောက်အထားတွေက ညွှန်ပြတဲ့အတိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး၊ ကျူးလွန်သူတွေရဲ့ လူမျိုးနဲ့ နိုင်ငံရေးက ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူတို့တွေကို ဖော်ထုတ်နိုင်ဖို့အတွက် အားထုတ်ကြိုးပမ်းသွားမှာပါ” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားနေသော ရာဇဝတ်မှုများအတွက် ဆယ်စုနှစ်ပေါင်းများစွာ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရနေခြင်းကြောင့် ယနေ့ အဖြစ်အပျက်များ ပေါ်ပေါက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းကို တိုက်ဖျက်နိုင်ရေး နိုင်ငံတကာရာဇဝတ်ခုံရုံး၊ နိုင်ငံတကာတရားရုံးနှင့် အာဂျင်တီးနား ဖက်ဒရယ်တရားရုံးမှ အာဏာပိုင်များထံသို့ အထောက်အထားနှင့်အချက်အလက် တစ်သန်းကျော်ပါဝင်သည့် ဖိုင်တွဲပေါင်း် ၈၀ ကျော်ကို မျှဝေပြီးဖြစ်ကြောင်း၊ IIMM လုပ်ငန်းများတွင် သိသာသည့် တိုးတက်မှုများစွာရှိနေပြီး အခက်အခဲများစွာလည်း ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏အဖွဲ့ဝင်များ၊ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှအဆိုးရွားဆုံး အကြမ်းဖက်မှုများ အဆုံး သတ်ရေး IIMM ၏ အားထုတ်မှုများကို ပံ့ပိုးပေးရန်နှင့် ပြစ်ဒဏ်ကင်းလွတ်နေသည့် အဆိုးသံသရာကို အဆုံးသတ်နိုင်ရေး အကူအညီပေးရန် ၎င်းက တောင်းဆိုသွားသည်။

51st session of the Human Rights Council. Presentation of report of the Independent Investigative Mechanism on Myanmar (IIMM), by IIMM Head Nicholas Koumjian, followed by an interactive discussion. Palais des Nations, room XX, Geneva, Switzerland. UN Photo by Pierre Albouy
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article