26 C
Yangon

စစ်မှုထမ်း အပတ်စဉ် ၅ တွင် အသက်မပြည့်သေးသော ဆယ်ကျော်သက် လူငယ်များကို စစ်တပ်က အသက်လိမ် မှတ်ပုံတင် လုပ်ပေးပြီး စစ်သင်တန်းတက်ခိုင်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

အကြမ်းဖက်စစ်ကောင်စီက ယခု စက်တင်ဘာလတွင် စတင်ဖွင့်လှစ်လျက်ရှိသော စစ်မှုထမ်း အပတ်စဉ် ၅ တွင် အသက်မပြည့်သေးသော ဆယ်ကျော်သက်လူငယ်များကို စစ်တပ်က အသက်လိမ် မှတ်ပုံလုပ်ပေးပြီး စစ်သင်တန်းတက်ခိုင်းမှုများရှိနေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုမှ အသက်မပြည့်သေးသော ဆယ်ကျော်သက် လူငယ်တချို့သည် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း၊ ယင်းနောက် စစ်တပ်က အဆိုပါ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် နီးစပ်ရာ လ၀ကတွင် မှတ်ပုံတင်များ သွားရောက် လုပ်ပေးပြီး စစ်မှုထမ်း အပတ်စဉ် ၅ တွင် တက်ရောက်စေခဲ့ကြောင်း၊ အသက်မပြည့်သေးသော ကလေးများဖြစ်၍ မိဘဆွေမျိုးများက ပြန်လည် ထုတ်ယူရန် ကြိုးစားသော်လည်း ပြန်လည်ခေါ်ဆောင်ခွင့်မရဘဲ စစ်တပ်အတွင်းသို့ ခေါ်ဆောင်ခံခဲ့ရကြောင်း သိရှိရသည်။

“အသက်မပြည့်သေးဘူးဆိုတာက စစ်တပ်က ဖမ်းသွားတဲ့အချိန်မှာ တချို့ လူငယ်တွေက အသက် ၁၇ နှစ်ရှိနေပြီ။ တချို့တွေက အသက် ၁၆ နှစ်ပေါ့။ ကြီးကောင်တော့ ဝင်နေပြီ။ ဒါပေမယ့် အသက် ၁၈ နှစ်တော့မပြည့်သေးဘူး။ အဲဒါကို ဖမ်းဆီးသွားပြီးတော့ စစ်တပ်က နီးစပ်ရာ လ၀ကနဲ့ချိတ်ဆက်ပြီး အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်ထုတ်ပေးလိုက်တယ်။ ပြီးတော့ တစ်ခါတည်း အသက်ပြည့်တယ်ဆိုပြီး အုတ်တွင်းမြို့နယ်၊ တောင်ငူ အမှတ် ၆ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ပို့လိုက်တယ်။ မိဘတွေ လိုက်ပေမယ့် ဘယ်လိုမှ လိုက်လို့မရဘူး။ အခုတော့ အဆက်အသွယ်ရတယ်။ ဆယ်ကျော်သက်လူငယ်လေးတွေက စစ်မှုထမ်း အပတ်စဉ် ၅ တက်နေရပြီ” ဟု ဆယ်ကျော်သက်လူငယ်များကို စစ်တပ်မှ ပြန်လည် ဆွဲထုတ်ရေး ကူညီခဲ့သော တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုသည်။

ယင်းကဲ့သို့ အသက် ၁၈ နှစ်ပြည့်ရန် လပိုင်း၊ ရက်ပိုင်းလိုနေသော အသက်မပြည့်သေးသည့် လူငယ်များကို စစ်တပ်က လ၀ကအရာရှိများနှင့်ပူးပေါင်း၍ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်များ လိမ်လည်ထုတ်ပေးပြီး စစ်သင်တန်းတက်ရောက်ခိုင်းသည့် ဖြစ်စဉ်များ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နှင့် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင်လည်းဖြစ်ပျက်ခဲ့ကြောင်း၊ အဓိကအားဖြင့် အဆိုပါ လူငယ်များမှာ ပေါ်တာဆွဲဖမ်းဆီးခံရစဉ်၊ ဧည့်စာရင်း စစ်ဆေးစဉ် ဖမ်းဆီးခံရသော လူငယ်များဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ယခု စစ်မှုထမ်း အပတ်စဉ် ၅ တွင် လူမပြည့်သည့်အတွက် နိုင်ငံတစ်ဝန်းတွင် စစ်သားစုဆောင်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများ အကြီးအကျယ် လုပ်ဆောင်ခဲ့သည့်အပြင် စက်ရုံ၊ အလုပ်ရုံများထံမှလည်း အလုပ်သမားတချို့ကို စစ်မှုထမ်းအဖြစ် စေလွှတ်ရန် ဖိအားပေး ခြိမ်းခြောက်တောင်းခံမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အထူးသဖြင့် နေပြည်တော်မှ စားသောက်ဆိုင်တချို့ထံမှ လူငယ် အလုပ်သမားတချို့ကို စစ်မှုထမ်းအဖြစ် စေလွှတ်ရန် တောင်းခံခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။

ဓာတ်ပုံ – စစ်မှုထမ်း အပတ်စဉ် ၅ တက်ရောက်နေကြသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်း အပတ်စဉ် ၅ တက်ရောက်နေကြသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article