29 C
Yangon

ဧရာ၀တီတိုင်းတွင် လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်သိမ်းယူပြီး လူကိုပါ ထောင် ၁ လချမှတ်၊ ပြည်သူအများအပြား ဖမ်းဆီးခံရပြီး ငွေပေးနိုင်သူများ ပြန်လွတ်သော်လည်း ငွေမပေးနိုင်သူများ ထောင်ကျ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

ဧရာ၀တီတိုင်းတွင် လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်သိမ်းယူပြီး လူကိုပါ ထောင် ၁ လချမှတ်နေကာ ပြည်သူအများအပြား ဖမ်းဆီးခံရကြောင်း၊ ငွေပေးနိုင်သူများ ပြန်လွတ်သော်လည်း ငွေမပေးနိုင်သူများ ထောင်ကျနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် စစ်တပ်၊ ရဲ၊ မီးသတ်၊ ကညနနှင့် ဌာနပေါင်းစုံ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ဆိုင်ကယ်များကို အဓိက ဦးတည်စစ်ဆေးနေကြောင်း၊ ဆိုင်ကယ်များတွင် လိုင်စင်မရှိပါက ဆိုင်ကယ်ကိုပါ ချက်ချင်းသိမ်းပြီး လူကိုပါ လက်ထိပ်နှင့်ခြေထောက်သံကြိုးများခတ်ကာ တရားရုံးသို့ နေ့ချင်းပို့ပြီး ထောင်ဒဏ် ၁ လချမှတ်ကြောင်း၊ ငွေပေးနိုင်သူများကိုမူ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဆိုင်ကယ်သိမ်းယူပြီး လူပြန်လွှတ်ပေးကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်း ငပုတောမြို့နယ်တွင် စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်​ပြီး လိုင် စင်မဲ့ ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးပြီး ထောင်ဒဏ် ၁ လ ချမှတ်နေကြောင်း သိရှိရသည်။

“ငပုတောမှာ လိုင်စင်မဲ့ဆိုင်ကယ်တွေကို စီမံကိန်းဆိုပြီး ဖမ်းပြီးတော့ ထောင်ချနေတယ်။ နေ့ဘက်ရော ညဘက်ရော ဖမ်းတာ။ မိလို့ သူတို့တောင်းတဲ့ ပမာဏအတိုင်းမပေးနိုင်ရင်ထောင်ချတယ်။ ဆိုင်ကယ်လဲပြန်မပေးဘူး။ လက်ရှိထောင်၁ လကျသွားတဲ့သူတွေ တော်တော်များတယ်။ ရဲတွေ မီးသတ်တွေ ဌာနဆိုင်ရာက လူတွေပေါင်းပြီးတော့ ဖမ်းနေတာ။ လမ်းမကြီးတွေတင်မဟုတ်ဘဲနဲ့ ချောင်ကြိုချောင်ကြားတွေပါ ဖမ်းနေတာ။ ဆိုင်ကယ်တွေကို AYYလိုင်စင်ကို လုပ်ခွင့်မပေးဘဲ ပိတ်ထားပြီး လိုက်ဖမ်းနေတာ” ဟု ငပုတောဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ဧရာ၀တီတိုင်း၊ ဓနုဖြူတွင်လည်း စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ၁ လ စီမံချက်ဟုဆိုကာ စက်တင်ဘာလ ၁၅ ရက်နေ့ မှစတင်ပြီး ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီးခြင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များကို ဆိုင်ကယ်သိမ်း၍ လူကို ငွေညှစ်ကြောင်း၊ ငွေမပေးနိုင်သည့် သူများကို နေ့ချင်းပြီး တရားရုံးတင် ထောင် ၁ လချ၍ ထောင်သို့ ပို့ဆောင်ကြောင်း သိရှိရသည်။

“လိုင်စင်မဲ့ ဆိုင်ကယ်တွေကို ၁ လ စီမံချက်နဲ့ဖမ်းတာ။ ဆိုင်ကယ်က လိုင်စင်မရှိလို့ ဖမ်းမိရင် စီးနင်းသူကို ခြေထောက်တွေပါသံကြိုးခတ်ထားတယ်။ ဆိုင်ကယ်မောင်းသူရော စီးသူပါ ဖမ်းတာ။ ဗိုက်ကြီးသည်တွေပါ ဖမ်းတယ်။ လိုင်စင်ရုံးတွေကလိုင်စင်အသစ်မချပေးတော့ဆိုင်ကယ်အသစ်တွေမနည်းဘူးသိမ်းသွားတာ” ဟု ဓနုဖြူမှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧရာ၀တီတိုင်းစစ်ကောင်စီက ဧရာ၀တီတိုင်းအတွင်းသို့ လိုင်စင်မဲ့ ဆိုင်ကယ်များဖြင့် PDF များက ဝင်ရောက်လာပြီး လုံခြုံရေး အရ တိုက်ခိုက်မှုများ ဆောင် ရွက်နိုင်သဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များကို အမြစ်ပြတ် ချေမှုန်းရေး ဟုဆိုကာ ယင်းသို့ ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီး ထောင်ချမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်တွင် ဘေးတွဲဆိုင်ကယ်များကို စစ်ကောင်စီတပ်များက ဖမ်း ဆီး သိမ်းဆည်းခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တွင် ဘေးတွဲဆိုင်ကယ်များကို စစ်ကောင်စီတပ်များက ဖမ်း ဆီး သိမ်းဆည်းခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article