29 C
Yangon

စစ်ကောင်စီ၏ သေဒဏ်ချမှတ် ကွပ်မျက်မှုများ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုမြောက်ဟု IIMM အကြီးအကဲ သတိပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

အကြမ်းဖက် စစ်ကောင်စီအနေဖြင့် အများပြည်သူရှေ့တွင် အမှု စစ်ဆေးခြင်းမရှိဘဲ သေဒဏ်ချမှတ် ကွပ်မျက်ပါက ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုမြောက်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM) အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်က သတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီက လူပုဂ္ဂိုလ်အချို့အား အများမျက်မှောက်အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်ရန်ရှိသည်ဆိုသည့် သတင်းများအား မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက အနီးကပ်စောင့်ကြည့်နေကြောင်း၊ ယန္တရားက ရရှိထားသည့် အချက်အလက်များအရ၊ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ လျှို့ဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်များသည် ကွပ်မျက်မှုကို ကြုံတွေ့ရနိုင်ကြောင်း ၊တရားမျှတသောအမှုစစ်ဆေးစီရင်မှု ဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ သေဒဏ်ချမှတ်ခြင်း သို့မဟုတ် အချိန်တစ်ခုအထိ ချုပ်နှောင်ထားခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ၎င်းက ထုတ်ပြန် သတိပေးသည်။

တရားမျှတသော အမှုစစ်ဆေးစီရင်မှုဖြစ်စေရန် အခြေခံအကျဆုံး လက္ခဏာတစ်ရပ်မှာ အမျိုးသားလုံခြုံရေးကိုထိခိုက်နိုင်သည့် ခိုင်လုံသောအကြောင်းတစ်စုံတစ်ရာရှိသည့်အခါမှလွဲ၍ အများပြည်သူရှေ့မှောက်တွင် အတတ်နိုင်ဆုံး စစ်ဆေးစီရင်ရန်ဖြစ်ကြောင်း၊ အမှုများကို လျှို့ဝှက်စွာစစ်ဆေးစီရင်သည့်အခါ၊ ဘက်မလိုက်ဘဲ လွတ်လပ်သော ခုံရုံးဖြစ်ရမည်ဆိုသည့်အချက်ကဲ့သို့ တရားမျှတသောအမှုစစ်ဆေးစီရင်မှုဖြစ်စေသည့် အခြားသောအာမခံချက်များကို ကျင့်သုံးခြင်း ရှိ၊ မရှိ သံသယဖြစ်ဖွယ်ရှိကြောင်း၊ ထိုအခြေအနေမျိုးတွင် ထောင်ဒဏ်ချမှတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်းများ လုပ်ဆောင်ပါက လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း IIMM အကြီးအကဲက ဆိုသည်။

တရားမျှတသောအမှုစစ်ဆေးစီရင်မှု၏ အခြေခံအာမခံချက်များကို ချိုးဖောက်ပြီး သေဒဏ်ချမှတ်ခံရသော လူပုဂ္ဂိုလ်များနှင့် ၎င်းတို့အား တရားစွဲဆိုထားသော အမှုများကို ယန္တရားက စောင့်ကြည့်နေပြီး အချက်အလက်များ စုဆောင်းလျက်ရှိကြောင်း IIMM က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)မှ ဦးသိုက်ထွန်းဦးက အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်များ စီရင်လျက်ရှိသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။

“အဲဒီသတင်းကတော့ အတော်ကြာပြီဗျ။ ထွက်လည်း ထွက်နေတယ်။ သေဒဏ်ပေးတယ်ဆိုတာ မနေ့မနက်အစောကထွက်လာတယ်ပေါ့နော်။ ကျနော်တို့ရရှိထားတာကတော့ အဲဒီအချက်အလက်တွေက ခိုင်မာမှုမရှိသေးဘူးလို့ လက်ရှိအထိက ပြောလို့ရတယ်။ ဒါပေမဲ့ မပေးဘူးလို့ အာမခံလားဆိုတော့ ပြောရတာတော့ ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက အချိန်မရွေး ဘာမဆိုလုပ်နိုင်တဲ့ ကာလမှာတော့ သူတို့ကို မလုပ်ပါဘူးလို့ ပြောဖို့အတွက်ကတော့ စောလွန်းအားကြီးသေးတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေတွေအထိ ဒီသတင်းတွေက အတည် ပြုလို့မရသေးဘူးလို့ ပြောချင်ပါတယ်ဗျ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)မှ ဦးသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၂ ခုနှစ် ၊ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ NLD လွှတ် တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို အင်းစိန်အကျဉ်းထောင်အတွင်းတွင် ကြိုးပေးပြီး သေဒဏ်စီရင်ခဲ့သည်။

ဓာတ်ပုံ – အင်းစိန်အကျဉ်းထောင်မှ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AFP ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article