ရန်ကုန်၊ အောက်တိုဘာ ၃
ကချင်ပြည်နယ်တွင် ၅ ရက်အတွင်း ချီဗွေမြို့နှင့် ဆော့လော်မြို့ အပါအဝင် မြို့ ၂ မြို့နှင့် စစ်ကောင်စီတပ်စခန်းပေါင်း ၁၃ ခုကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းများ ရရှိမှု အလွန်များပြားကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး အောက်တိုဘာ ၃ ရက်နေ့အထိ ၅ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ရှိ တပ်စခန်း ၁၃ ခုနှင့် မြို့ ၂ ခုကို KIA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု အလွန်များပြားပြီး စစ်တပ်ဘက်မှ သေဆုံးမှု များပြားကြောင်း၊ စက်တင် ဘာလ ၂၉ ရက်နေ့တွင် ချီဖွေမြို့ကိုလည်းကောင်း၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ဆော့လော်မြို့ကိုလည်းကောင်း အသီးသီး တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။
“တစ်ပတ်တာကာလအတွင်းမှာ မြို့ ၂ မြို့ နဲ့ တပ်စခန်း ၁၃ ခုကို သိမ်းပိုက်ရရှိပါတယ်။ ချီဖွေ၊ ရှငေါ် ၊ ဆော့လော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအကြီး၊ အငယ် အားလုံးပေါင်း ၁၃ ခုကို သိမ်းပိုက်ရရှိရာမှာ လက်နက်ခဲယမ်းတွေလည်း တော်တော်များများကို သိမ်းဆည်းရရှိပါတယ်။ စစ်ခွေးတွေဘက်က သေဆုံးထိခိုက်မှုများသလို စစ်သုံ့ပန်းတွေကိုလည်း ဖမ်းဆီးရရှိထားတာရှိပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် ချီဖွေခရိုင်၊ ဆော့လောမြို့နယ်ရှိ ဆော့လော် မြိုနှင့်အတူ စစ်ကောင်စီ၏ တပ်စခန်း၊ ပြည်သူ့စစ် စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိထားပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီမှ စတင်ပြီး ချီဗွေမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပြည်သူ့စစ် စခန်း ၊ ချီဗွေမြို့မရဲစခန်း၊ ၄ မိုင် စုပေါင်းဂိတ်စခန်း နှင့် ဗျူဟာ တပ်စခန်းကုန်းတို့ကို KIA၊ KPDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ချီဗွေမြို့ကိုပါ သိမ်းပိုက်ရရှိခဲ့သည်။
ထို့အတူ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ဝိုင်းမော်မြို့နယ်၊ ချီဖွေလမ်းပိုင်း၊ ရှငေါ်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ပင်စခန်းနှင့် ကာကင်းစခန်း ၂ ခုကို KIA ၊ KPDF ပူးပေါင်း တပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ချီဗွေမြို့သိမ်းတိုက်ပွဲတွင် သိမ်းပိုက်ရရှိသော စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar