31 C
Yangon

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို မြန်မာလူထုက ဆန့်ကျင်နေပြီး ရွေးကောက်ပွဲကြောင့် ပဋိပက္ခနှင့်တိုက်ခိုက်မှုများ ပိုမို တိုးပွားလာမည်ဟု ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းသတိပေး

Must read

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို မြန်မာလူထုက ဆန့်ကျင်နေပြီး ရွေးကောက်ပွဲကြောင့် ပဋိပက္ခနှင့်တိုက်ခိုက်မှုများ ပိုမို တိုးပွားလာမည်ဟု ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းသတိပေး

🟥 နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကန့်ကွက်ရန် တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၅

အကြမ်းဖက် စစ်ကောင်စီက ကျင်းပမည်ဆိုသော အတုအယောင် ရွေးကောက်ပွဲကို မြန်မာလူထုက ဆန့်ကျင်နေပြီး ရွေး ကောက် ပွဲကြောင့် ပဋိပက္ခနှင့်တိုက်ခိုက်မှုများ ပိုမို တိုးပွားလာမည်ဖြစ်ကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးလိုက်သည်။

အောက်တိုဘာလ ၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်အဝေး၌ လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြေဆိုလိုက်ခြင်းဖြစ်သည်။

ဒီမိုကရေစီအတွက် လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲများက အခြေခံကျသည်ဟု အလေးအနက်ထား ပြောကြားလိုကြောင်း၊ သို့ရာတွင် အာဏာသိမ်း စစ်တပ်မှ ပြင်ဆင်နေသော မည်သည့် ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတ၍ အားလုံး ပါဝင်မှုရှိသော ရွေးကောက်ပွဲ ဖြစ်နိုင်မည်မဟုတ်ကြောင်း၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ပြဿနာကို ဖြေရှင်းနည်း မဟုတ်ဘဲ ပဋိပက္ခများကို ပိုမို ကြာမြင့် စေပြီး တိုက်ခိုက်မှု များကိုသာ တိုးပွားစေမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

မြန်မာပြည်သူများ၏ ရပ်တည်ချက်မှာ ခိုင်မာကြောင်း၊ မိမိတို့အနေဖြင့် စစ်တပ်မှ ပြင်ဆင် နေသည့် အတုအယောင် ရွေး ကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း အလားတူ လုပ်ဆောင်ရန် သံအမတ်ကြီးက တိုက်တွန်း တောင်းဆိုသည်။

လက်ရှိ စစ်အာဏာရှင်ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် လူငယ်များက စစ်အာဏာရှင်စနစ်ဆိုးနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု ဒဏ်များကို အများဆုံးခါးစည်းခံနေရကြောင်း၊ မြန်မာနိုင်ငံတွင် လူမှုရေးအကာအကွယ်ပေးရေးအတွက် အာရုံစိုက်ရမည့်အစား ပြည်သူများကို စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုရန်စွယ်မှ အကာအကွယ်ပေးရေး အတွက် ကူညီပေးရန် ကျယ်ကျယ်လောင်လောင် တောင်းဆိုနေရကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းက ဆက်လက် ပြောကြားသည်။

ပြည်သူများဒုက္ခခံစားနေရခြင်းနှင့် ဖြစ်ပေါ်နေသည့် အကျပ်အတည်းအတွက် အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် ၎င်း၏ တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုတို့ပင်ဖြစ်ကြောင်း ယင်းဇစ်မြစ်ကို အပြီးတိုင် ချုပ်ငြိမ်းရန် လိုအပ်၊ အဆိုပါ ပြည်သူများအား လွန်စွာထိခိုက်စေသည့် ဇစ်မြစ်ကို ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ခိုင်မာသော အရေးယူဆောင်ရွက်ချက်များချမှတ်ကာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံရှိ ကလေးငယ် ၆ သန်းကျော်မှာ နေရပ်စွန့်ခွာမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပုံမှန်ပညာရေး ပြတ်တောက်မှုများအောက်တွင် ရုန်းကန် နေရကြောင်း၊ အချို့သောဖြစ်စဉ်များတွင် စစ်တပ်၏ လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် ကလေးများမှာ ယာယီစခန်းများနှင့် ဗုံးခိုကျင်းများ၌ ပညာ ဆည်းပူးနေရကြောင်း၊ ထို့အတူ စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကာကွယ်ဆေးများ ပုံမှန် မရရှိသဖြင့် အာဟာရပြတ်လတ်မှုတို့ကို လည်း ရင်ဆိုင်နေရကြောင်း၊ အသက်မပြည့်သေး သော ကလေးငယ်များပင်လျှင် စစ်တပ်၏ အတင်းအကြပ် စစ်သားစုဆောင်းမှု ဘေးဆိုးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက နိုင်ငံတကာသို့ အခြေအနေများကို ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၊ အထူးသဖြင့် အမျိုးသမီး မသန်စွမ်းသူများက အဓိက ဒုက္ခခံစားနေရကြောင်း၊ ၎င်းတို့အတွက် လိုအပ်သည့် အထောက် အကူပြု အစီအမံများ (Accessibility) မှာ သာ၍ ခက်ခဲလာပြီး အခွင့်အရေး များ ချိုးဖောက်ခံရမှု မှာ မြင့်တက်လာကြောင်း၊ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ၊ လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်မှုများနှင့် မြေမြှုပ်မိုင်းများကြောင့် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များ အပါအဝင် ပြည်သူများမှာ ကိုယ်လက်အင်္ဂါများ ဆုံးရှုံး နေရ ကြောင်း သူက ဆက်ပြောသည်။

ထို့အတူ မိမိတို့နိုင်ငံရှိ လူငယ်များမှာလည်း ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှုတွင် အလွန်အရေးပါ သော ဉီးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် စာသင်ကျောင်းများနှင့် တက္ကသိုလ်များတွင် ပညာသင်ကြားနေရမည့်အစား အများစုမှာ လူမဆန်သော စစ်တပ်၏ ရန်မှ ပြည်သူများ၏ အသက် အိုးအိမ်များအား ကယ်တင်ရန်နှင့် လူ့အသိုက်အဝန်းများအား ကာကွယ်ရန် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နေကြောင်း၊ အချို့မှာ လည်း စစ်တပ်၏ မတရား ဖမ်းဆီးမှုကို ရှောင်ရှားရန် ပြည်တွင်းမှ ထွက်ခွာကြရကြောင်း၊ စစ်တပ်၏ တရားမဝင်သော အတင်းအကြပ် တပ်သားစုဆောင်းမှုကြောင့် အလုံး အရင်း ဖြင့် ရွှေ့ပြောင်းနေထိုင်းခြင်းနှင့် ဦးနှောက်ယိုစိမ့်မှုပြဿနာတို့မှာ ပို၍ စိုးရိမ် ရသည့် အခြေ အနေဖြစ်လာကြောင်း သံအမတ်ကြီးက ရှင်းလင်းပြောဆိုသည်။

မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် လည်း နေရပ်စွန့်ခွာမှု၊ ပြည်သူများ၏ ဒုက္ခဆင်းရဲနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေကို ပိုမို ဆိုးရွားနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article