30 C
Yangon

နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော စစ်ကောင်စီ၏ ထောက်ခံသူများက လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေး ပိုမိုဖန်တီးလာနေ

Must read

ရန်ကုန်| အောက်တိုဘာ ၉

မြန်မာနိုင်ငံတွင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခဖန်တီးမှုများ ပိုမိုများပြားလာပြီး စစ်လော်ဘီများက အဓိက ဖန်တီးနေကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ လော်ဘီများ၏ လူမျိုးရေးပဋိပက္ခဖန်တီးမှု၊ ဘာသာရေးပဋိပက္ခဖန်တီးမှုနှင့် ထိုပဋိပက္ခများ ကြီးထွားစေရန် အမုန်းစကားများပြောဆိုခြင်း၊ ဝါဒဖြန့်ချိခြင်းများကို စောင့်ကြည့်မှတ်တမ်းတင်ကာ အစီရင်ခံစာကို အောက်တိုဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ ပူးပေါင်းသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) သည် တပ်စခန်းများ သိမ်းပိုက်ခံရခြင်း၊ ထိန်းချုပ်နယ်မြေများ ဆုံးရှုံးခံရခြင်း၊ မြို့များ လက် လွှတ်လိုက်ရခြင်း ရှိလာ၍ အမုန်းစကားနှင့် ဝါဒဖြန့်ချိမှုများကို စစ်လော်ဘီများက အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်။

စစ်လော်ဘီများက ရခိုင်၊ ရှမ်း (မြောက်)၊ ချင်း၊ ဗမာ၊ တရုတ်နွယ်ဖွား၊ ကိုးကန့်၊ မွတ်ဆလင်၊ ဗုဒ္ဓဘာသာ၊ တရုတ်-ဗမာ စသည့် အမည်များကို အသုံးပြုပြီး တယ်လီဂရမ်ချန်နယ်နှင့် ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာများတွင် တွယ်တွယ်ကျယ်ကျယ် ဝါဒဖြန့် ပဋိပက္ခဖန်တီးခဲ့ကြောင်း ဉာဏ်လင်းသစ်အစီရင်ခံစာအရ သိရသည်။

ရခိုင်ပြည်အတွင်း ပဋိပက္ခဖြစ်စေရန် ရခိုင်နှင့် မွတ်စလင်များကြား လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများ ပြောဆိုခြင်း၊ လူမှုကွန်ရက်များတွင် ဝါဒဖြန့်ခြင်း၊ စစ်ကောင်စီ လက်အောက် ပြည်တွင်းသတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြခြင်းကို စစ်လော်ဘီများက လုပ်ဆောင်ခဲ့သည်။

ဘူးသီးတောင်၊ မောင်တောဒေသကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေချိန်အတွင်း မွတ်ဆလင်များကို ဖိနှိပ်သည်၊ နေအိမ်များကို မီးရှို့သည်၊ သတ်ဖြတ်သည်ဟုဆိုကာ စစ်လော်ဘီများက မွတ်ဆလင်နှင့် ရခိုင်လူထုကြား၊ မွတ်ဆလင်နှင့် AA ကြား၊ မွတ်ဆလင် လက်နက်ကိုင်နှင့် AA ကြား စသဖြင့် သွေးထိုးလှုံ့ဆော်မှုများကို ပြုလုပ်ခဲ့သည်။

ဘူးသီးတောင်ကို AA က သိမ်းပိုက်ထားပြီးနှင့် မောင်တောကို သိမ်းပိုက်တော့မည့် ယခုကာလအချိန်ထိလည်း စစ်လော်ဘီများသည် မွတ်ဆလင်နှင့် ရခိုင်လူထုကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ဆက်လက် ဝါဒဖြန့်လျှက်ရှိနေသေးကြောင်း အစီရင်ခံစာတွင် တွေ့ရှိရသည်။

ရခိုင်နှင့် ချင်းလူမျိုးများကြားတွင်လည်း စစ်လော်ဘီများက သွေးထိုးလှုံ့ဆော်မှုများရှိနေပြီး လူမျိုးရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်စေရန် ဖန်တီးနေသည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF အချို့ကို AA က ထောက်ပံ့ကူညီပေးခြင်းနှင့် ပတ်သက်၍ ဝါရင့် ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုက ကန့်ကွက်ဆန့်ကျင်သည့်အပေါ် စစ်လော်ဘီများက ချင်းနှင့် ရခိုင်ကြား ပဋိပက္ခပိုကြီးစေရန် ဝါဒဖြန့်နေသည်။

ချင်းဒေသနှင့် ချင်းလူမျိုးများသည် AA ၏ အသုံးချဖိနှိပ်ခြင်းကို ခံနေရသည်ဆိုသော ဇာတ်ကြောင်းအမျိုးမျိုးကို ရေးသားခြင်း၊ ချင်းလူမျိုးများ AA လက်အောက်တွင် စစ်မှုထမ်းရန် ပြောဆိုခြင်း၊ ထို့ကြောင့် ပလက်ဝဒေသတွင် AA နှင့် ချင်းတော်လှန်ရေးတပ် CNA တို့ တိုက်ပွဲဖြစ်ပွားနေခြင်း၊ AA က ချင်းတော်လှန်ရေးတပ်အချင်းချင်း တိုက်ပွဲဖြစ်စေရန် လုပ်ဆောင်ခြင်း၊ ပလက်ဝက ချင်းလူမျိုးများအနေဖြင့် AA ကို တွန်းလှန်တိုက်ခိုက်ရန် စသဖြင့် စစ်လော်ဘီများက ရေးသားဖြန့်ချိနေကြသည်။

ရခိုင်နှင့် ဗမာလူမျိုးကြားတွင်လည်း စစ်လော်ဘီများက လူမျိုးရေးမုန်းတီးခြင်းကို တယ်လီဂရမ်ချန်နယ်များတွင် ပုံဖော်ခဲ့ကြကြောင်း ဉာဏ်လင်းသစ်သုတေသန အစီအရင်ခံစာက ဆိုသည်။

တပ်စခန်းများ သိမ်းပိုက်ပြီးနောက် လက်နက်ချသော စစ်သုံ့ပန်းများ၊ တပ်မိသားစုဝင်များထဲမှ ဗမာလူမျိုးများအား လူမျိုးရေးမုန်းတီးစိတ်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ဟု ဇာတ်ကြောင်းကို စစ်လော်ဘီများက ဝါဒဖြန့်ကာ စစ်သုံ့ပန်းများအား AA က ကယ်တင်ထားသည့် အဖြစ်ကို ဖုံးကွယ်ထားသည်။

ရခိုင်လူမျိုးများအပေါ် ဗမာအသိုင်းအဝိုင်းက မုန်းတီးစေရန် ပုံဖော်ခဲ့ပြီး ရခိုင်မုန့်တီဆို မစားချင်၊ ရခိုင်ဆိုလျှင် မမြင်ချင်တော့သည်အထိ ရခိုင်ဆိုလျှင် မုန်းသွားကြောင်း လူမျိုးရေးပဋိပက္ခအသွင် မီးမွှေးခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်၊ မန္တလေးမြို့များတွင် ရခိုင်လူမျိုးများအား ထိခိုက်နစ်နာစေရန် ရခိုင်ထမင်းဆိုင်များတွင် မစားသောက်ကြရန်၊ ရခိုင်အသုံးအဆောင် ပစ္စည်းများကို မဝယ်ယူကြရန်၊ ရခိုင်နှင့် အပေါင်းအသင်းမလုပ်ကြရန် လှုံ့ဆော်သည့်စာများ လိုက်လံကပ်ဖြန့်ဝေကာ တယ်လီဂရမ်ချန်နယ်များမှာ စစ်လော်ဘီများက ဝါဒဖြန့်ချိခဲ့ကြသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်တပ် MNDAA က စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)နှင့် လားရှိုးမြို့အပါအဝင် မြို့အများအပြားကို သိမ်းပိုက်ပြီးနောက် စစ်လော်ဘီများသည် ကိုးကန့်လူမျိုးနှင့် အခြားသော ရှမ်းမျိုးနွယ်စုတို့ကြား သွေးထိုးမှုများရှိခဲ့သည်။

ရှမ်းနှင့် ဗမာကြား၊ ကိုးကန့်နှင့် ဗမာကြား၊ MNDAA နှင့် ဗုဒ္ဓဘာသာကြား သတင်းအမှားများ ဖြန့်ဝေကာ လှုံ့ဆော်ခြင်းများကိုစစ်လော်ဘီများက ပြုလုပ်ခဲ့ကြသည်။

ရှမ်းမြောက် လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးနောက် လားရှိုးက ဗမာအသိုင်းအဝိုင်းကို ဖိနှိပ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဗမာများကို သတ်ဖြတ်ခြင်း၊ MNDAA က ဗုဒ္ဓဘာသာ အဆောက်အဦး၊ ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခြင်း စသဖြင့် စစ်လော်ဘီများက တယ်လီဂရမ်ချန်နယ်များ၌ တွင်တွင်ကျယ်ကျယ် ဝါဒဖြန့်ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ပုံဖော်ခဲ့ကြသည်။

MNDAA ၏ စစ်ရေးဖော်ဆောင်မှုတွင် မြန်မာလိုမပြော၊ မြန်မာပိုက်ဆံမသုံး လက်နက်ကိုင်၊ တရုတ်-မြန်မာ လူမျိုးရေးကို အခြေပြု၍ တရုတ်နွယ်ဖွားလူမျိုးခြားများ၏ နယ်ချဲ့ကျူးကျော်မှုအဖြစ် MNDAA ကို အမျိုးမျိုးသော ဇာတ်ကြောင်းများဖြင့် စစ်လော်ဘီများက ပဋိပက္ခဖန်တီးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသန အစီရင်ခံစာအရ သိရှိရသည်။

မြန်မာနိုင်ငံသည် လူမျိုးရေးဘာသာရေး ပဋိပက္ခများကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားနှင့် အာဏာချုပ်ကိုင်ရေးအတွက် လူမျိုးရေးဘာသာရေးကို အသုံးချရန် အစဉ်အမြဲကြိုးပမ်းလျှက်ရှိကြောင်း ဉာဏ်လင်းသစ်သုတေသန အဖွဲ့က ဆိုသည်။

နွေဦးတော်လှန်ရေး အင်အားစုများအနေဖြင့် အဖွဲ့အစည်းများမှ ဦးဆောင်ကျူးလွန်သော လူမျိုးရေးဖိနှိပ်မှုများ မရှိစေရေး၊ လူမျိုးရေးမုန်းတီးမှုများ လျော့နည်းစေရေးနှင့် လူမျိုးရေးပဋိပက္ခများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြိုတင်တားဆီးနိုင်ရေးတို့အတွက် ခိုင်မာသော မူဝါဒများ၊ တိကျသော ဦးဆောင်လမ်းညွှန်မှုများ လုပ်ဆောင်သင့်ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က တိုက်တွန်းထားသည်။

ဓာတ်ပုံ – ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မန္တလေးမြို့တွင် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရခိုင်လူမျိုးမုန်းတီးရေးစာသားအချို့ လိုက်ကပ်ပြီး စစ်ကောင်စီက သွေးထိုးလှုံ့ဆော်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မန္တလေးမြို့တွင် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရခိုင်လူမျိုးမုန်းတီးရေးစာသားအချို့ လိုက်ကပ်ပြီး စစ်ကောင်စီက သွေးထိုးလှုံ့ဆော်နေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article