27 C
Yangon

တနင်္သာရီတိုင်းတွင် စက်တင်ဘာလအတွင်း စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၈ ဦး ထက်မနည်းသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

တနင်္သာရီတိုင်းတွင် စက်တင်ဘာလ အတွင်း အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၈ ဦး ထက်မနည်းသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စစ်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဥ် ၄ ခုရှိခဲ့ပြီး ထားဝယ်၊ ပုလော၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်၊ လေညာတံတားကြီး စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များဘက်က သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် အကြမ်းဖက်စစ်တပ်၏ ခမရ ၅၆၀ တပ်ရင်းက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့၍ ဆယ်ကျော်သက်အရွယ် လူငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း၊ လက်နက်ကြီးသည် လေညာစစ်ဆေးရေးဂိတ် အနီးဝန်းကျင်က ကွမ်းခြံထဲကို ကျည်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကွမ်းသီးရွေးနေသည့် ကွမ်းခြံလုပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း လေညာမြို့ ဒေသပြည်သူများက ပြောဆိုသည်။

ထို့ပြင် စက်တင်ဘာ ၃ ရက်နေ့တွင်ပင် တနင်္သာရီမြို့ပေါ်၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်၍ လယ်တောင်ယာရွာမှ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦး လက်နက်ကြီးထိမှန်ခဲ့ကာ လက်နက်ကြီး ထိမှန်ဒဏ်ရာကြောင့် စက်တင်ဘာ ၄ ရက်နေ့တွင် မြိတ်ပြည်သူ့ေဆးရုံကြီးတွင် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စက်တင်ဘာ ၅ ရက်နေ့တွင်လည်း ထားဝယ်မြို့နယ်ရှိ ပကာရီရဲစခန်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် ပကာရီရွာလမ်းဆုံအနီး ဖုန်းဆိုင်တစ်ခုပေါ် ကျရောက်ပေါက်ကွဲပြီး ဆိုင်တွင်း ရှိနေသည့် အမျိုးသား ၄ ဦးကို လက်နက်ကြီးထိမှန်ခဲ့ကာ လက်နက်ကြီးထိမှန်သည့် အမျိုးသားလေးဦးထဲက အသက် ၂၀ ဝန်းကျင်အရွယ် ကိုအောင်ကိုဖြိုးဆိုသူကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ထို့ပြင် စက်တင်ဘာ ၈ ရက်နေ့တွင်လည်း ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုတိုက်ပွဲအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် တောင်ခေါင်းလောင်းရွာရှိ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၁၀ နှစ်အရွယ်ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ပြည်သူများကိုပစ်မှတ်ထားကာ ဒရုန်းနှင့်ဗုံးသီးချတိုက်ခိုက်ခြင်းကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဥ် ၅ ခုအထိရှိခဲ့ပြီး ဖြစ်စဥ်အားလုံး တနင်္သာရီမြို့နယ်ထဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ စက်တင်ဘာ ၄ ရက်နေ့မှစ၍ တနင်္သာရီမြို့နယ် ဘန်လင်နှင့် ဘန်လောရွာများတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ပြည်သူ့နေအိမ်များကို ဒရုန်းနှင့်တိုက်ခိုက်ခြင်းများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ ဒရုန်းနှင့်တိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ဘန်လင်ရွာရှိ အမျိုးသား ၂ ဦး၊ ဘန်လောရွာရှိ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာ ၁၁ ရက်နေ့တွင်လည တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာရှိ လက်ဖက်ရည်ဆိုင်တစ်ခုကို အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်ခဲ့၍ ဒရုန်းကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ စက်တင်ဘာ ၂၃ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်၏ အမတ ၃၀၆ က ဒရုန်းနှင့် တိုက်ခိုက်မှုကြောင့် နံနက်ခင်းဈေးဝယ်ရန်စောင့်နေသည့် ညောင်ပင်ကုန်းရွာသူ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရှိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်သတင်းဌာနဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article