27 C
Yangon

Breaking News- လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ ၊ စစ်တပ်က လှိုင်သာယာမြို့နယ်တစ်ခုလုံးပိတ်ဆို့ စစ်ဆေးနေ

Must read

Breaking News- လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ ၊ စစ်တပ်က လှိုင်သာယာမြို့နယ်တစ်ခုလုံးပိတ်ဆို့ စစ်ဆေးနေ

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို ယနေ့ နံနက်ပိုင်း တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ရာ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သေဆုံးနိုင်ခြေရှိကြောင်း Golden Valley Warriors တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်ဝန်းကျင် လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်တွင် လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် အဖွဲ့ဝင် ၂ ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို Golden Valley Warriors ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ လက်ရှိတွင် ကျော်သူဝင်း(ခ) ရွှေမန်း နှင့် ၎င်း၏ကိုယ်ရေးအရာရှိတို့ကိုဆေးရုံကားဖြင့်သယ်ဆောင်သွားကြောင်း၊ ကျော်သူဝင်း (ခ) ရွှေမန်းမှာ ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ ၂ ချက် ၊ ဝဲလက်ဖဝါးဖောက်ဒဏ်ရာ ၁ ချက်ကျည်ထိမှန်ဒဏ်ရာရရှိ ခဲ့ပြီး ၎င်း၏ ကိုယ်ရေးအရာရှိမှာ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၂ ချက် ရရှိခဲ့ကာ လူနာတင်ယာဉ် ၂ စီးဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

လှိုင်သာယာမြို့ခံလည်းဖြစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်လည်းဖြစ်သူ ကျော်သူဝင်းသည် မဝင်မနေရ စစ်မှုထမ်းစနစ်အတွက် လှိုင်သာယာမြို့နယ်မှ လူငယ် ၈၀၀ ကျော် ကို စစ်တပ်ထံ အမည်စာရင်းပေးပို့ခဲ့ပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့သူဖြစ်ကြောင်း၊ ရရှိ ထား သောအချက်အလက်အများအရ လှိုင်သာယာသည်ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းအများဆုံးထုတ်ပေးသည့် မြို့နယ်အဖြစ်ထိပ်ဆုံးမှရပ်တည်နေပြီး အဆိုပါဖြစ်စဉ်အတွက်အဓိကအဆုံးအဖြတ်ကို လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့က ဆုံးဖြတ်အတည်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ကျော်သူဝင်း (ခေါ်) ရွှေမန်းသည် ယခုနှစ်တွင်မှ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ်လာခဲ့ပြီး ၎င်း၏ စီးပွါးရေးအင်ပါယာကိုပါချဲ့ထွင်နိုင်ခဲ့ကြောင်း၊ စားသောက်ကုန်လုပ်ငန်း၊ ရေသန့်စက်ရုံ ၊ Convenient store များ နှင့် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများဖြင့် တဟုန်ထိုးကြီးပွားချမ်းသာလာကြောင်း၊ ၎င်း ပိုင်ဆိုင်သည့် ရွှေမန်းအိမ်ခြံမြေလုပ်ငန်းသည် စစ်ဘက်အရာရှိတချို့ပါဝင်ပတ်သက်နေပြီး တရုတ်လုပ်ငန်းရှင်တစ်ဦးကလည်း ငွေကြေးထည့်ဝင်ထားကြောင်း သိရှိရသည်။

ကျော်သူဝင်း(ခ) ရွှေမန်းသည် လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်များကို အင်အားသုံး ဖယ်ရှားခြင်း ၊ မဝင်မနေရစစ်မှုထမ်းစနစ်အတွက် စက်ရုံအလုပ်သမားလူငယ်များကို အတင်းအဓမ္မစစ်တပ်ထဲသို့စေလွှတ်ခြင်းကြောင့် လှိုင်သာယာတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော လှိုင်သာယာမြို့နယ်၏ အုပ်ချုပ်ရေးအကြီးအကဲဖြစ်ကြောင်း၊ ပြည်သူများ၏ တိုင်တန်းချက်အရ ယခုကဲသို့ အုပ်ချုပ်ရေး ထောက်တိုင်ကြီးတစ်ခုကိုရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Golden Valley Warriors တပ်ဖွဲ့အနေဖြင့် ရန်ကုန်မြို့ရှိ အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်များနှင့် လုပ်ငန်းရှင်များကို စာရင်းပြုစု ထောက်လှမ်းထားပြီး ၎င်းတို့အားလုံးကိုပစ်မှတ်ထား တိုက်ခိုက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယနေ့မှာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် လှိုင်သာယာ မြို့နယ် အုပ်ချုပ်ရေးရုံးမှ ပြန်လာသော လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်းနှင့် ၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူ တို့ကို အနီးကပ် သုတ်သင်ရှင်းလင်းမစ်ရှင် ဖော်ဆောင်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များ လုံခြုံရာသို့ ရောက်ရှိ၍ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လှိုင်သာယာမြို့နယ် ၁၁ ရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက လှိုင်သာယာတစ်မြို့နယ်လုံးကို ပိတ်ဆို့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတားများကိုလည်း ယာယီ ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပစ်ခတ်ခံရသော လှိုင်သာယာမြို့နယ်ကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ယနေ့ နံနက်ပိုင်း ပစ်ခတ်မှုအပြီး စစ်တပ်က လှိုင်သာယာမြို့နယ်ကို ပိတ်ဆို့ထားစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article