29 C
Yangon

ရွှေကျင်၊ အင်္ဂပူနှင့် မြို့သစ်မြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က စစ်သားစုဆောင်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားနေပြီး လူငယ်တစ်ဦးလျှင် အနည်းဆုံး သိန်း ၁၀၀ ဖြင့် ရွေးခိုင်း

Must read

ရွှေကျင်၊ အင်္ဂပူနှင့် မြို့သစ်မြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က စစ်သားစုဆောင်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားနေပြီး လူငယ်တစ်ဦးလျှင် အနည်းဆုံး သိန်း ၁၀၀ ဖြင့် ရွေးခိုင်း

ရန်ကုန်၊ အောက်တိုဘာ ၁၄

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်နှင့် မကွေးတိုင်း၊ မြို့သစ်မြို့နယ်တို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ငွေကြေးတောင်းယူမှုများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာ ၁၂ ရက်နေ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ခလရ ၅၇ တပ်က လူငယ်များကို ဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးထားသည့်လူငယ်များကို ခလရ ၅၇ ထဲတွင် ထည့်သွင်းထားပြီး သက်ဆိုင်ရာ မိဘများကို ဆက်သွယ်စေကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ရွေးယူခိုင်ကြောင်း၊ လာရောက် မရွေးယူသော လူငယ်များကို စစ်မှုထမ်းသင်တန်းများသို့ စေလွှတ်ကြောင်း သိရှိရသည်။

“အဓိက ဖမ်းတာက ခလရ ၅၇ ကပါ။ လူငယ်တွေကို ဖမ်းတယ်။ ခလရ ၅၇ တပ်ထဲ ခေါ်သွားတယ်။ အဲဒီမှာ လူငယ်တွေကို သူတို့ မိဘတွေဆီ ဆက်သွယ်ခိုင်းပြီး ၁ ဦးကို သိန်း ၁၀၀ နဲ့ ရွေးခိုင်းတယ်။ တချို့ မတတ်နိုင်တဲ့သူတွေကလည်း သိန်း ၇၀ စစ်တယ်။ မရဘူး။ သိန်း ၁၀၀ မရရင် မလွှတ်ပေးဘူး။ ၇ ရက်အတွင်း လာမရွေးရင် စစ်မှုထမ်းအပတ်စဉ်ထဲ ထည့်မယ်ပြောတယ်။ ငွေကြေးမတတ်နိုင်တဲ့ မိဘတွေကတော့ တငိုငိုပေါ့” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ နွားခြံအုပ်စု အုပ်ချုပ်ရေးမှူး ကိုဌေးနှင့် ရာအိမ်မှူး မောင်မောင်လေး၊ ပျူစောထီးခေါင်းဆောင် သိန်းဇော်တို့က စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအနေဖြင့် စစ်မှုထမ်းလိုပါက တစ်လလျှင်ငွေကျပ် ၂ သိန်းခွဲပေးရမည်ဟုဆိုကာ ငွေကြေးတောင်းခံကြောင်း၊ ငွေမပေးသူများအနေဖြင့် စစ်တပ်ထဲဝင်ရမည်ဟုဆိုပြောဆိုကာ ငွေကြေးများ ခြိမ်းခြောက်တောင်းခံ​ နေကြောင်း သိရှိရသည်။

ထို့အတူ မကွေးတိုင်း ၊ မြို့သစ်မြို့နယ်တွင်လည်း အသက် ၃၅ နှစ်အောက် လူငယ်များကို ကပစ ၁၇ တပ်က အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပေါ်တာဆွဲ ဖမ်းဆီးကြောင်း၊ ယင်းနောက် လူငယ်များကို တစ်ဦးလျှင် သိန်း ၁၂၀ ဖြင့် ရွေးယူခိုင်းပြီး မရွေးနိုင်သူများကို ကပစ ၁၇ တပ်အတွင်းတွင်ပင် စစ်သားသစ်များအဖြစ် စုဆောင်းနေကြောင်း သိရှိရသည်။

“လမ်းတွေရော မြို့မှာရော ကပစ ၁၇ တပ်က ဝင်ဆွဲတာ။ ငွေရှိတယ်ဆိုရင် အိမ်ကို ဖုန်းဆက်ခွင့်ပေးတယ်။ သိန်း ၁၂၀ နဲ့ လာရွေးခိုင်းတယ်။ ငွေမရှိရင်တော့ ကပစ ၁၇ တပ်မှာပဲ တပ်သားအဖြစ် စာရင်းသွင်းတယ်။ အခြေအနေ အရမ်းဆိုးတယ်။ မြို့သစ်မြို့နယ်က လူငယ်တွေလည်း ဘယ်မှ ထွက်မရဘူး။ အိမ်မှာလည်း မလုံခြုံဘူး။ မြို့သစ်မြို့နယ်မှာ ဂိတ်ချပြီး ကပစ ၁၇ ပိတ်ဆို့ထားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၃ အတွက် စစ်သားအဖြစ် အတင်းအကျပ်စုဆောင်းခံနေရသော လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article