29 C
Yangon

လောင်းလုံးတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံး၊ စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းကာ အဖြစ်ပြုလုပ်ထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့မှ စ၍ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က မြို့နယ် အောက်ဘက်ပိုင်းကို ရောက်ရှိလာပြီး တိုက်ပွဲများ နေ့စဉ် ပြင်းထန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများသည် အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် ပိုမိုပြင်းထန်လာပြီး စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်း အများအပြား အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များနှင့် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ပြည်သူများကိုလည်း အကြောင်းမဲ့ဖမ်းဆီးပြီး လူသားဒိုင်း အဖြစ်အသုံးပြုကာ ၎င်းတို့ စခန်းချသည့် ရေမော်ကျေးရွာနှင့် ကောအေးရွာတို့တွင် ဖမ်းဆီးထားကြောင်း သိရသည်။

“တနေ့ကနဲ့ မနေ့ကတော့ တနေကုန်ကို တိုက်ပွဲပြင်းထန်နေတယ်။ လောင်းလုံးမြို့နယ် အောက်ဘက်ပိုင်းကို စစ်ကြောင်းထိုးလာတော့ ထိတွေ့ တိုက်ပွဲတွေပြင်းထန်နေတာပေါ့။ စစ်ခွေးတွေဘက်က သေဆုံးမှု တော်တော်များတယ်။ အနည်းဆုံး စစ်ခွေး ၁၀ ကောင်ထက်မနည်းသေဆုံးတယ်။ ရေမော်ကျေးရွာနဲ့ ကောအေးရွာမှာ စစ်ခွေးတွေ မနေ့က ညပိုင်း တပ်ချထားတယ်။ ပြည်သူတွေဖမ်းဆီးခံရတာရှိတယ်။ သူတို့သွားတဲ့ လမ်းပိုင်းတစ်လျှောက်မှာ တိုက်ပွဲထဲဖြစ်နေတော့ ဘယ်နှဦးဖမ်းဆီးခံရလည်းဆိုတာတော့ အတည်မပြုနိုင်သေးဘူး” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ဘေးရှောင် ပြည်သူများကို ကယ်ထုတ်နေသည့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ဘေးရှောင် ပြည်သူများကို ကယ်ထုတ်နေသည့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article