33 C
Yangon

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်သားများက မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက် နိုင်ကြောင်း ဝန်ခံကြပြီး စစ်သားများကိုယ် တိုင် ရောင်းဝယ်ဖြန့်ချိနေဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်သားများက မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက် နိုင်သည်ဟု ဝန်ခံကြပြီး ၎င်းတို့ ကိုယ်တိုင် ရောင်းဝယ် ဖောက်ကားဖြန့်ချိနေကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ဦးဆောင်သော အဖွဲ့က ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရရှိခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည့် အခမ်းအနားသို့ ဒေသခံပြည်သူများနှင့်အတူတက်ရောက်ခဲ့စဉ် ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဖမ်းဆည်း ရမိထားသည့် စစ်သုံ့ပန်းများကို မေးမြန်းရာတွင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက် နိုင်သည်ကို ဝန်ခံကြကြောင်း၊ စစ်ကောင်စီတပ်သားများသည် မူးယစ်ဆေးဝါးများ ကိုယ်တိုင်သုံးစွဲရုံ သာမက ယခု သိမ်းဆည်းရမိသည့် ပမာဏကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ ကိုယ်တိုင် ရောင်းဝယ် ဖောက်ကားဖြန့်ချိနေကြောင်း ပြောဆိုသည်။

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် သိမ်းဆည်းရရှိခဲ့သော ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၅၂ ခွက်၊ ဘိန်းဖြူထုပ် ၁၂၈၅ ထုပ်နှင့် ခန့်မှန်းခြေ ၁ ထုပ်လျှင် ၁ ပိဿာ ရှိသော ဘိန်းမဲ ၁၈ ထုပ် တို့ကို မီးရှို့ဖျက်ဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သိမ်းပိုက်ရရှိ ထားသည့် မြို့၊ ရွာများတွင် ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်နေပြီး ပြည်သူ့အုပ်ချုပ်ရေး သည် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဖြစ်ကြောင်း တစ်နည်းအားဖြင့် ပြည်သူကို အလုပ်အကျွေးပြုရန် ဖြစ်ကြောင်း၊ တာဝန်ပေးထားသော စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများ၏ မဟုတ် မမှန်သည့် လုပ်ဆောင်ခြင်းများ ကိုလည်း တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးရည်မွန်က ကတိပြု ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ အကြိမ်ကြိမ် အာဏာသိမ်းမှုများကြောင့် ပြည်သူများနှင့်လူငယ်များ၏ ဘဝများ ဆုံးရှုံးနစ်နာမှုကြီးမားခဲ့ပြီး တိုင်း ပြည် သည်လည်း မည်သည့်နိုင်ငံနှင့်မှ မယှဥ်နိုင်ပဲ မျက်နှာငယ်ခဲ့ရကြောင်း၊ ၂၀၂၁ စစ်အာဏာသိမ်းမှုသည် အကြွင်းမဲ့ စစ်အာဏာလွှမ်းမိုးရေး ရည်ရွယ်ကြောင်း ထင်ရှားသည့်အတွက် လက်နက်ကိုင်ခုခံတွန်းလှန်စစ်ကို မဖြစ်မနေ ဆင်နွှဲခဲ့ရကြောင်း၊ခုခံတွန်းလှန်မှု မပြုလုပ်လျှင် နိုင်ငံအနာဂတ်ပျောက်မည် ဖြစ်သည့်အတွက် ခေတ်သမိုင်း၏ တာဝန်ပေးချက် အရ လက်နက်နှင့် အကြမ်းဖက်နေသူကို လက်နက်နှင့်တွန်းလှန်တိုက်ဖျက်မှ ရမည်ဟု သန္နိဋ္ဌာန် ချမှတ်ကာ တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုသွားသည်။

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ဩဂုတ်လ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက် သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၇၀ ဦးခန့် သေဆုံးပြီး ၂၇၅ ဦး ပျောက်ဆုံး၍ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အလင်းဝင်ရောက် လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးရှိပြီး စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရမိကြောင်း NUG ၏ တရားဝင် သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article