29 C
Yangon

စစ်ကောင်စီက အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေပြီး အဓမ္မပြုကျင့်ခြင်းများကို လူမဆန်စွာ စနစ်တကျ လုပ်ဆောင်နေ

Must read

စစ်ကောင်စီက အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေပြီး အဓမ္မပြုကျင့်ခြင်းများကို လူမဆန်စွာ စနစ်တကျ လုပ်ဆောင်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၈

အကြမ်းဖက်စစ်ကောင်စီတပ်က ဓမ္မပြုကျင့်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများစွာကို အလွန်ရုန့်ရင်းကြမ်းတမ်းသော၊ လူမဆန်သော နည်းလမ်းများစနစ်တကျ ကျူးလွန်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရုံးတွင် ကျင်းပပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေညီလာခံ၏ ကော်မတီအစည်းအဝေးတစ်ခုဖြစ်သော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အထွေထွေ ဆွေးနွေးမှုအစီအစဉ် တွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပေါ် ခဲ့ချိန်မှစ၍ အကြမ်းဖက် စစ်တပ်သည် အဓမ္မပြုကျင့်ခြင်း အပါအဝင် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု မြောက်များစွာကို အလွန်အမင်း ရုန့်ရင်းကြမ်းတမ်းသော၊ လူ မဆန်သော နည်းလမ်းများ ဖြင့် စနစ်တကျ၊ တွင်ကျယ်စွာ ကျူးလွန်လျက်ရှိကြောင်း သံအမတ်ကြီးက ထောက်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်က အမျိုးသမီးများကို စနစ်တကျ ပစ်မှတ်ထားကာ လိင်ပိုင်း ဆိုင်ရာ အကြမ်း ဖက်မှုကို စစ်လက်နက်တစ်ခုသဖွယ်နှင့် ခြိမ်းခြောက်ရန်အတွက် အသုံးပြု လျက်ရှိပြီး မတရား စစ် အာဏာသိမ်းရန် ကြိုးပမ်းနေသည့် ကာလတစ်လျှောက် ကျားမတန်းတူညီမျှမှုကို သိသာစွာ ထိခိုက် ခဲ့ကြောင်း၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များ နှင့် LGBTIQ+ များမှာ ခွဲခြားဆက်ဆံခြင်း၊ အကြမ်း ဖက်မှုနှင့် လိင်အမြတ်ထုတ်ခြင်းများကြုံတွေ့ခဲ့ရကြောင်း သိရသည်။

အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ များအနေဖြင့် အကြမ်းဖက်စစ်တပ်က ကျူး လွန်ထားသည့် ရာဇဝတ်မှုများ အတွက် တာဝန်ခံမှုရှိစေရန် အစဉ်တစိုက် လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းတောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံရှိ မသန်စွမ်းသော အမျိုးသမီးများ အပါအဝင် ရဲရင့်သော ကိုယ်ကျိုးစွန့်သော အမျိုးသမီး များ နှင့် မိန်းကလေးငယ်များ အနေဖြင့် ဤမျှ ထိတ်လန့်ဖွယ်ကောင်း၍ ဆိုးရွားသော အခြေအနေ များ နှင့် ရင်ဆိုင်နေရ သော်လည်း အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူများက မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ်အား ခုခံတော်လှန်ရန်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်နှင့် ဖက်ဒရယ် ဒီမိုက ရေစီ စနစ် ထူထောင်ရန် ရှေ့တန်းမှ ပါဝင်လျက်ရှိကြောင်း၊ မြန်မာအမျိုးသမီးများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသမှု၊ အကြမ်းမဖက် အာဏာ ဖီဆန်ရေး စသည့် ဒီမိုကရေစီ လှုပ်ရှားမှုများတွင် သာကမ အမျိုးသားညီညွတ်ရေး အစိုးရနှင့် အခြားသော ကဏ္ဍများ၌ရှိသော အဓိကခေါင်းဆောင်မှုနေရာများတွင် ပါဝင်ကာ ယခင်ကထက် ပို၍ ဦးဆောင်မှု အခန်းကဏ္ဍများကို တာဝန်ယူလာခဲ့ကြကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

ထို့အတူ မြေပြင်တွင် လှုပ်ရှားနေကြသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီး လူ့အခွင့် အရေး ကာကွယ်သူ အများစုအနေဖြင့်လည်း ကြီးလေးသော လုံခြုံရေးစိန်ခေါ်မှု များအား ကြုံတွေ့ နေ ရစေကာမူ အချက်အလက် ရယူစုဆောင်းခြင်း၊ အကြမ်းဖက် စစ်တပ် က ပဋိပက္ခဖြစ်ပွားသည့် နေရာများတွင် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် ၎င်းတို့၏ ရက်စက် ကြမ်း ကြုတ် မှုများကို တင်ပြခြင်း စသည့် လုပ်ငန်းများ၌ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားမှ အချက် အလက်စုဆောင်းမှု အစီအစဉ်များကိုလည်း အထောက်အကူ ပြုပေးလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါ အဝင် မြန်မာ ပြည်သူများ၏ စိတ်ဆန္ဒမျှော်မှန်းချက်နှင့်အညီ လုပ်ဆောင်ပေးကြပါရန် ၊ စစ်အာဏာရှင်လက်ထဲသို့ လက်နက်၊ ခဲယမ်း၊ လေ ယာဉ်ဆီနှင့် ငွေကြေးများ မရောက်ရှိစေရန် ဖြတ်တောက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံတွင် စစ်အာ ဏာရှင်စနစ် ကျရှုံးရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပေးရန် သံအမတ်ကြီးက တိုက်တွန်း တောင်းဆိုသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် ၎င်းတို့၏ အခွင့်အရေး အား အပြည့် အဝ အကာအကွယ်ပေး၍ ၎င်းတို့၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုသည့် အနာဂတ်ကို မျှော် မှန်းနိုင်သည့် တူညီသော အခွင့်အရေးကို ကမ္ဘာကြီးနှင့်အတူ ခံစားခွင့်ရသင့်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article