28 C
Yangon

မောင်တော၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲမှု ပြည်သူ ၅ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရ

Must read

မောင်တော၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲမှု ပြည်သူ ၅ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၁

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို ယနေ့ နံနက်အစောပိုင်း အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် APM က သတင်းဖော်ပြသည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၅၀ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ပြည်သူ ၅ ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိကြောင်း ၊ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူများမှာ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာမှ အသက် ၅၈ နှစ်အရွယ် ဒေါ်လှလှအေး၊ အသက် ၂၆ နှစ်အရွယ် မသီတာ၊ အသက် ၂၉ နှစ်အရွယ် ကိုနေဇော်ဦး၊ အသက် ၂၀ နှစ်အရွယ် ကိုမောင်မောင်သိန်းနှင့် အသက် ၂၆ နှစ်အရွယ် မအေးအေးအောင်တို့ဖြစ်ကြောင်း၊ ပေါင် ၅၀၀ ဗုံးကျဲချမှုကြောင့် ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဖားဝပ်ချောင်းကျေးရွာမှ လူနေအိမ် ၃ လုံး၊ ကား ၁စီးနှင့် သုံးဘီး ၁ စီးပျက်စီးသွားကြောင်း သိရှိရသည်။

ရန်ကုန်တွင် ရောက်ရှိနေသော ရခိုင်ဒေသသတင်းရင်းမြစ်တစ်ခုကမူ လက်ရှိ ရခိုင်တွင် စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် အခြေအနေအသေးစိတ်ကို မသိရှိရဘဲ APM အပါအဝင် ဂြိုလ်တု အင်တာနက် အသုံးပြုနိုင်သော ဒေသသတင်းရင်းမြစ်များ၏ သတင်းဖော်ပြမှုကိုသာ စောင့်ကြည့်နေရကြောင်း၊ ရခိုင်မှ စစ်ဘေးရှောင်ပြည်သူများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို နေ့စဉ် စိုးရိမ်နေရသည့်အပြင် အလုပ်အကိုင်၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်ချက် အလွန် ကြီးမားနေကြောင်း သုံးသပ်ပြောဆိုသည်။

“စတားလင့်ရှိတဲ့ နေရာတွေပဲ အင်တာနက်ရတယ်။ ကျန်တဲ့နေရာတွေကတော့ ဘာမှ သုံးလို့မရဘူး။ စတားလင့်ကလည်း တပ်တော်ခွင့်ပြု ချက် လိုတယ်ပြောတယ်။ မိသားစုနဲ့ကတော့ အဆက်အသွယ်ပြတ်နေတာ အတော်ကိုကြာနေပါပြီ” ဟု ရန်ကုန်ရှိ ရခိုင်ဒေသသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

လက်ရှိ ရခိုင်ဒေသမှ ရန်ကုန် အပါအဝင် အခြားသော မြို့ပြဒေသများသို့ မြေပြင်မှ ထွက်ခွာရန် ကြိုးစားသူများကို အကြမ်းဖက်စစ်ကောင်စီတပ်က လာဘ်ငွေယူ၍ ခွင့်ပြုမှုများရှိနေပြီး အနည်းဆုံး ၇ ရက်ခန့်ကြာမြင့်စွာ ခရီးသွားရကြောင်း မကြာမီက စစ်တွေမြို့မှ ထွက်ခွာလာနိုင်ခဲ့သူ ရခိုင်တိုင်းရင်းသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ ယနေ့ နံနက်အစောပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်တောမှ သေဆုံးသူ ပြည်သူတချို့။

Photo – APM။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article