32 C
Yangon

မိုးညှင်းထောင်တွင် နိုင်/ကျဉ်းများများထံမှ ထောင်အာဏာပိုင်များက ခြိမ်းခြောက် ငွေတောင်းသည့်အပြင် ကျန်းမာရေးမကောင်းလျှင် ဆေးဝါးကုသခွင့်မရ ၊ မိတ္တီလာအကျဉ်းထောင်တွင် သန့်ရှင်းမှုရှိသော သောက်ရေနှင့်ချိုးရေ မရဖြစ်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကချင်ပြည်နယ် မိုးညှင်းဗဟိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသူအကျဉ်းသားအားလုံးကို ထောင်အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံခြင်းအပြင် ကျန်းမာရေးမကောင်းမွန်ချိန် ဆေးဝါးကုသခွင့်လည်း မရရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထောင်အာဏာပိုင်များက ထောင်အတွက်ကုန်ကျစရိတ်များ အပါအဝင် ထောင်တွင်း အဆောက်အအုံပြင်ဆင်မှုပိုင်းဆိုင်ရာကုန်ကျစရိတ်များအတွက်ကိုပါ အကျဉ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံနေကြောင်း သိရှိရသည်။

” ဘာဝင်ငွေမှ မရှိတဲ့ အကျဉ်းသားတွေဆီကနေ အခြေခံရသင့်တဲ့ ပဲဟင်း၊ တာလပေါဟင်းချို၊ ဆပ်ပြာ ကလွဲပြီး ရုံးသုံး ၊ စာရွက်စာတမ်း၊ ဘောပင်ဖိုး၊ ထောင်တွင်းအဆောက်အအုံပြင်ဆင်မှုပိုင်းဆိုင်ရာကုန်ကျစရိတ်ကစပြီး ဝန်ထမ်းမုန့်ဖိုးအထိပါ ကလိမ်စေ့ဉာဏ်နည်းပေါင်းစုံနှင့်ကောက်ခံနေပါတယ်။ ထောင်ကျတာ‌တောင် ကိုယ့် ပိုက်ဆံနဲ့ ကိုယ်ပြန်ကျရတဲ့အဖြစ်မျိုးပါ” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ ငွေကြေးကောက်ခံရာတွင် ငွေကြေးမထည့်ဝင်နိုင်သည့် နိုင်ငံရေးအကျဉ်းသားများကို ပြဿနာအမျိုးမျိုးရှာသည့်အပြင် ထောင်တွင်းပစ္စည်းများရောင်းချရာတွင်လည်း ပြင်ပစျေးထက်ပို၍ အဆမတန်ဈေးတင်ရောင်းချကြောင်း အကျဉ်းထောင်တွင်းမှ စုံစမ်းသိရှိရသည်။

ထို့ပြင် အကျဉ်းသားများ၏ အသက်မွေးမှုအတတ်ပညာလုပ်အားကို အသုံးချကာ ထောင်တွင်း သစ်စက်များထောင်ကာ အကျဉ်းသားများကို သစ်ခွဲခိုင်းခြင်း၊ ပရိဘောဂများ ထုတ်လုပ်ခိုင်းခြင်းများ မတရားခိုင်းစေနေကြောင်း ၊ အဆိုပါ သစ်စက်မှ ထုတ်လုပ်သည့် ပစ္စည်းများကို ဇိမ်ခံပစ္စည်းအဖြစ် သုံးနေသည့်အပြင် ပြင်ပသို့လည်း ရောင်းချနေကြောင်း သိရှိရသည်။

ကျန်းမာရေးမကောင်းမွန်ပါက အကျဉ်းသားများအတွက် လုံလောက်သည့် ဆေးဝါးကုသခွင့်လည်း မရှိကြောင်း၊ ထောင်တွင်းတွင်လည်း ဆရာဝန် မရှိကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

“အကျဉ်းထောင်ထဲက အကျဉ်းသားသေဆုံးသူအတော်များများဟာ သေဆုံးပြီးတဲ့အချိန်မှာမှပဲ ဆလိုင်းချိတ်ခံရပြီး မိုးညှင်းပြည်သူ့ဆေးရုံကိုပို့ဆောင်က လမ်းမှာ‌သေဆုံးသွားသည့်ပုံစံမျိုးဖန်တီးကြပါတယ် ဆေးဝါးကုသခွင့်မရရှိသလို အပြင်က ဆေးဝါးပို့သခွင့်ကိုလည်း ကန့်သတ်ချက်တွေ များစွာရှိနေပါတယ်။ ထောင်တွင်းက ‌ဆရာဝန်ခွင့်ပြုချက်ပါမှသာ ပေးခွင့်ရမယ်လို့ဆိုပေမယ့် အကျဉ်းထောင်တွင်းမှာဆရာဝန်ကအမှန်တကယ် ရှိမနေပါဘူး။ အခုထောင်ပိုင်လက်ထက်မှာ အကျဉ်းသားသေဆုံးမှုဟာ ပိုမိုများပြားနေပါတယ်”ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလားတူ ၊မန္တလေးတိုင်း မိတ္ထီလာအကျဉ်းထောင်တွင် သောက်သုံးရေ သန့်ရှင်းမှုမရှိ၍ အကျဉ်းထောင်တွင်း‌ပေးသည့် ရေနွေးကိုသာ အအေးခံ၍ သောက်သုံးနေကြရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

အကျဉ်းထောင်အတွင်း ရေသန့်စက်တပ်ဆင်ထားသော်လည်း စက်မှာ မကြာခဏပျက်သည့်အပြင် ရေညှိများမကြာခဏတက်လေ့ရှိကြောင်း၊

သောက်ရေသန့် သောက်သုံးချင်သူများအနေဖြင့် အကျဉ်းထောင်မှ ရောင်းချသော သောက်ရေသန့်ဘူးများကို မြန်မာငွေ ၁၅၀၀ ကျပ်အထိ ဈေးကြီးပေး‌ဝယ်သောက်နေရကြောင်း၊ ရေသန့်ဈေးကြီးသည့်အတွက် သောက်ရေသန့်ဝယ်မသောက်နိုင်သည့် သူများမှာ ထောင်ကပေးသည့် ရေကိုသာ ကျိုချက်သောက်သုံးနေကြရကြောင်း သိရှိရသည်။

လက်ရှိ မိတ္ထီလာအကျဉ်းထောင်တွင် သောက်သုံးရေသာမက ချိုးရေများမှာလည်း မလောက်ငှ၍ ထောင်ပြင်ပမှ ရေများကို ဝယ်ယူ၍ ချိုးကြရပြီး ရေကားတစ်စီးကို မြန်မာငွေ ၆၀,၀၀၀ ကျပ်အထိ ပေးကြရပြီး နှစ်ရက်ကို တစ်ကြိမ်ခန့် အနည်းဆုံး ဝယ်ယူကြရကြောင်း၊ ချိုးရေမလုံလောက်သည့် အတွက် နောက်ဆက်တွဲ ယားနာကဲ့သို့သော အရေပြားပြဿနာများလည်း ဖြစ်ပေါ်နေပြီး မိတ္ထီလာထောင်တွင် ဆရာဝန်နှင့်ထောင်ဆေးရုံမရှိသဖြင့် အကျဉ်းသား၊အကျဉ်းသူများ ခက်ခဲမှုများစွာ ရင် ဆိုင်နေရသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုများပင် လုံလောက်စွာမရရှိသည့် အခြေအနေများကို ရင်ဆိုင်နေကြောင်း သိရှိရသည်။

လက်ရှိ မိတ္ထီလာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သိရှိရသည်။

ဓာတ်ပုံ – မိတ္တီလာအကျဉ်းထောင်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မိတ္တီလာအကျဉ်းထောင်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article