23 C
Yangon

လောင်းလုံးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးထက်မနည်း သေဆုံး၊ စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံမှ သိရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့မှ စ၍ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ ဘုန်းကြီးကျောင်း အတွင်းတပ်စွဲရန် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို အောက်တိုဘာလ ၁၃ ရက် ရင်းဘုတ်ကျေးရွာအနီး၌ တစ်ကြိမ်၊ အောက်တိုဘာလ ၁၄ ရက် ဂေါ့အင်းကျေးရွာအနီး၌ တစ်ကြိမ်၊ အောက်တိုဘာလ ၁၆ ရက် အောက်ရေဖြူကျေးရွာအနီး၌ တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ နှစ် ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲ ၃ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၁၃ ဦးထက်မနည်းသေဆုံးကာ အရာရှိ တစ်ဦး အပါအဝင် အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ယင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တစ်ပတ်လုံးလုံး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေစဉ် စစ်ကောင်စီ တပ်သားများက အောက်တိုဘာလ ၁၈ ရက်နေ့တွင် အောက်ရေဖြူ ကျေးရွာသား ကိုမင်းကိုကို နှင့် အမည်မသိ လူငယ် ၁ ဦးကို လည်လှီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ကဒက်ငယ်ထိန်ရွာသား အသက် ၃၀ အရွယ် ကိုမင်းအောင် (ခေါ်) ကိုကန်းကန်းကိုလည်း ပစ်သတ်ခဲ့ပြီး ကဒက်ငယ်ထိန်ရွာမှ အသက် ၇၃ နှစ်အရွယ် ဒေါ်ခင်မြင့် (ခေါ်) ဒေါ်မငယ် သည်လည်း အကြမ်းဖက် စစ်ကောင်စီ ပစ်ခတ်သော ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“လောင်းလုံးမြို့နယ်ထဲမှာ တိုက်ပွဲတွေက ပုံမှန်ထက်စာရင် ပိုပြီးတော့ များလာတယ်ပေါ့။ တိုက်ပွဲတွေကလည်း အကြိမ်အရေအတွက်များလာတယ်။ ပြည်သူတွေကနေပြီးတော့ အဲတာကြောင့် ပြည်သူတွေအနေနဲ့ ပေါ့ပေါ့တန်တန်မနေဘဲနဲ့ စစ်ရေး သတိ အမြဲရှိဖို့ လိုတယ်ပေါ့။ အခု တိုက်ပွဲတွေ ဖြစ်တဲ့ အခါမှာ ကျန်တော်တို့က ပြည်သူတွေကို ရှောင်ခိုင်းတဲ့အခါမှာ သူတို့က ရှောင်တယ်။ ရှောင်ပြီးရင် ကျန်တော်တို့က ပြန်လာလို့ရပြီလို့ မပြောခင်မှာပဲ သူတို့က နေပြီးတော့ ရွာပြန်လာနေကျတာတွေရှိတယ်။ အဲတာတွေကြောင့် စစ်ကြောင်းဝင်လာတဲ့အခါမှာ ပြည်သူတွေနဲ့ ထိတိုက်တွေ့တာတွေ ကြုံရတယ်။ အဲလိုမျိုးတွေမဖြစ်အောင် နောက်ထပ် ဂရုစိုက်ပြီး နေကျဖို့ပေါ့။ ပြီးရင် ကျန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြောတာလိုက်နာဖို့ အဲတာလေးပြည်သူတွေကို မေတ္တာရပ်ခံချင်တယ်။ အခု စစ်ခွေးတွေက သရက်ချောင်းဘက်ကို စစ်ကြောင်းထိုးနေတယ်။ လောင်းလုံးမြို့နယ်ထဲမှာတော့ မရှိတော့ဘူး။ ပြည်သူ ၃ ဦးက စစ်တပ် ပစ်ခတ်လို့ သေဆုံးတယ်။ ကျန် ၂ ဦးကတော့ ဖမ်းဆီးသတ်ဖြတ်ခံရတာပေါ့။ စုစုပေါင်း ပြည်သူ ၅ ဦးပေါ့ စစ်ခွေး စစ်ကြောင်းက သတ်သွားတာပေါ့။ လောင်းလုံးမြို့နယ်ထဲမှ တိုက်ပွဲတွေ ပိုများလာဖို့ရှိတော့ ပြည်သူတွေအနေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း ပင်လယ်ကြယ်တပ်ခွဲ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ နှင့် ထားဝယ်ခရိုင်ဒရုန်း စစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article