32 C
Yangon

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူတချို့ ဖမ်းဆီးခံရ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

Must read

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူတချို့ ဖမ်းဆီးခံရ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူတချို့ ဖမ်းဆီးခံရကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့မှ စ၍ လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်ကျေးရွာဘက်နှင့် ကျောက်နီမော်ကျေးရွာဘက်ကို အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာ တစ်လျှောက်ရှိ ဒေသပြည်သူ တချို့ကို အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ပြုလုပ်ပြီး ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတလျှောက်ကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာ ၇ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ကျန်တော်တို့ လောင်းလုံးမှာက ၂ နေရာ စစ်ကြောင်းထိုးနေတာရှိတယ်။ မောင်းမကန်ဘက်မှာ တစ်နေရာနဲ့ ကျောက်နီမော်ဘက်မှာ တစ်နေရာပေါ့။ အဲ ၂ နေရာလုံးမှာ အင်အားက ၁၀၀ ကျော်လောက်ကို သုံးပြီးတော့ စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲ ဖြစ်ပွားမှုကတော့ မရှိသေးဘူး။ အဲ ၂ နေရာလုံးမှာ သတ်ဖြတ်တာတော့မရှိသေးဘူး။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေရှိတယ်။ ကျေးရွာ ၇ ရွာလောက်တော့ တိမ်းရှောင်နေရတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူ အရေအတွက်တော့ မသိရသေးဘူး” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၂ ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် အနီးကပ် သွားလာနေထိုင်ခြင်းမပြုလုပ်ရန် ရဲဘော် ရှဲဒိုးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article