29 C
Yangon

စစ်အာဏာရှင်ဆန့်ကျင်ရေး ကနဦး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများကို ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြား၊ မော်လမြိုင် အပါအဝင် မြို့ကြီးတချို့တွင် ဆန္ဒပြပွဲ ပါဝင်ခဲ့သူများကို ဆက်တိုက် ဖမ်းဆီးခြင်းနှင့်စာရင်းတောင်းခြင်းများ လုပ်နေ

Must read

စစ်အာဏာရှင်ဆန့်ကျင်ရေး ကနဦး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများကို ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြား၊ မော်လမြိုင် အပါအဝင် မြို့ကြီးတချို့တွင် ဆန္ဒပြပွဲ ပါဝင်ခဲ့သူများကို ဆက်တိုက် ဖမ်းဆီးခြင်းနှင့်စာရင်းတောင်းခြင်းများ လုပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ကန ဦး ပါဝင်ခဲ့သူများအားလုံးကို ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားချက်တစ်စောင်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော် အပါအဝင် ပြည်နယ်/တိုင်း အသီးသီးတွင် အဆိုပါ ညွှန်ကြားချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံသို့ နိုဝင်ဘာလ ၈ ရက်နေ့ ဝန်းကျင်တွင် အဆိုပါ ညွှန်ကြားချက်များ ရောက်ရှိလာကြောင်း သိရှိရသည်။

“၂၀၂၁ အစောပိုင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေကို ဖမ်းဆီး စစ်ဆေးဖို့ ထွေ/အုပ်နဲ့ ရဲစခန်းတွေဆီ စာဝင်လာတယ်။ ဒီလူတွေက PDF ၊ NUG တွေကို ထောက်ပို့ သို့မဟုတ် ငွေလှူဒါန်းတာ သို့မဟုတ် ဆက်လက် သတင်းပေး ဆက်နွယ်နေတာတွေရှိနိုင်လို့ အထူးကြပ်မတ်စစ်ဆေးဖို့ ညွှန်ကြားချက်မှာပါတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့ တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကနဦးကာလ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများကို စာရင်းကောက်ယူပေးရန် မြို့နယ် ထွေ/အုပ် များက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ သတင်းပေးများထံသို့ ညွှန်ကြားပြီး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများ၏ လက်ရှိ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ဆွေမျိုးသားချင်းများ၏ စာရင်းများကိုပါ ကောက်ယူခိုင်းနေကြောင်း သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အောက်ကျင်းအပိုင် ဘီလှိုင်ရပ်ကွက်မှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ကနဦးပါဝင်ခဲ့သူ အသက် ၅၈ နှစ်အရွယ် ဦးအောင်ခိုင်၊ တူဖြစ်သူကို နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီအချိန် စစ်ကားများဖြင့် တစ်ရပ်ကွက်လုံးကို ပိတ်ဆို့ ၍ စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

” စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ အ​စောပိုင်းကာလ​တွေက ဦး​အောင်ခိုင်ဟာ ဆန္ဒထွက်ပြရင် ထိပ်ဆုံးကပါ​လေ့ရှိတယ်။ မနေ့ညက ဖမ်းတော့ တစ်ရပ်ကွက်လုံး စစ်ကားတွေနဲ့ပိတ်ဖမ်းတာ။ ဦး​အောင်ခိုင် နဲ့ သူ့ရဲ့တူ​လေး ၂ ဦးလုံးကို တစ်ရပ်ကွက်လုံးစစ်ကား​တွေနဲ့ပိတ်ပြီး အိမ်​ပေါ်တက်ဖမ်းသွားပါတယ်။ ဦး​အောင်ခိုင်ကို အခုစစ်​ကြော​ရေးမှာ ရိုက်နှက်နှိပ်စက်ပြီး စစ်​မေး​နေတယ်။ သူ့ရဲ့တူကို ဒိုင်းဝန်ကွင်းရဲစခန်းမှာဖမ်းထားပါတယ်။ ဦးအောင်ခိုင်ကတော့ ​မော်လမြိုင်​တောင်​ပေါ်အတက် ကန် ၃ ကန်မှာရှိတဲ့စစ်​ကြော​ရေးအဖွဲ့က အခု ရိုက်နှက် စစ်ဆေးနေတယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ကနဦးပါဝင်ခဲ့သူများကို ဖမ်းဆီး စစ်ဆေးရန် ညွှန်ကြား ချက်၏ အဓိက ရည်ရွယ်ချက်တွင် ယနေ့အချိန်အထိ PDF နှင့် NUG တို့ထံသို့ ငွေကြေးစီးဆင်းနေသဖြင့် အဆိုပါ ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ရေး အဓိက စုံစမ်းဖော်ထုတ်ရန် ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ရန်ကုန်မြို့လယ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ။ Photo- Agency။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article