မြင်းခြံမြို့နယ်ရှိ ကူရွာနှင့် ကွမ်းစိုက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကူရွာနှင့် ကွမ်းစိုက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်နှင့် ၁ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြင်းခြံမြို့နယ်ရှိ ကူရွာနှင့် ကွမ်းစိုက်ရွာကို ရဟတ်ယာဉ်နှင့် ဂျက်ဖိုက်တာများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ကူရွာနဲ့ ကွမ်းစိုက်ရွာကို ရဟတ်ယာဉ်ကော ဂျက်ဖိုက်တာတွေနဲ့ကော ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေတယ်။ ကွမ်းစိုက်ရွာဘက်မှာတော့ လက်နက်သံတွေကြားရပေမယ့် တိုက်ပွဲဖြစ်မဖြစ်ဆိုတာတော့ မသိသေးဘူး။ ထိခိုက်ဒဏ်ရာတော့ရမယ်မထင်ဘူး။ ပြည်သူတွေက ရွာတွေထဲမှာမရှိတော့ဘူး။ အခုလက်ရှိလည်း ကွမ်းစိုက်ရွာဘက်ကို ဂျက်ဖိုက်တာ ပျံဝဲနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။