33 C
Yangon

ကျောက်တန်း၊ ညောင်၀ိုင်းကျေးရွာအုပ်စုတွင် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးက ပြည်သူများကို အစည်းအဝေးခေါ်ပြီး လူတိုင်းစစ်မှုထမ်းရမည်ဖြစ်၍ စစ်မှုမထမ်းလိုလျှင် ငွေပေးရမည်ဟု ခြိမ်းခြောက်

Must read

ကျောက်တန်း၊ ညောင်၀ိုင်းကျေးရွာအုပ်စုတွင် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးက ပြည်သူများကို အစည်းအဝေးခေါ်ပြီး လူတိုင်းစစ်မှုထမ်းရမည်ဖြစ်၍ စစ်မှုမထမ်းလိုလျှင် ငွေပေးရမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ညောင်၀ိုင်းကျေးရွာအုပ်စုတွင် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးက ပြည်သူများ အစည်းအဝေးခေါ်ပြီး လူတိုင်းစစ်မှုထမ်းရမည်ဖြစ်ကာ စစ်မှုမထမ်းလိုလျှင် ငွေပေးရမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ကျောက်တန်းမြို့နယ်၊ ညောင်၀ိုင်းကျေးရွာအုပ်စု၊ မြိုင်သာယာ ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးမင်းအောင်က ပြည်သူများကို အေးစေတီဘုန်းကြီး ကျောင်း တွင် အစည်းအဝေးခေါ်ယူကြောင်း၊ ယင်းအစည်းအဝေးသို့ ကျောက်တန်းမြို့နယ်၊ ဘဘွေးကုန်းကျေးရွာတွင် အထိုင်ချထားသော စစ်တပ် စစ်ကြောင်းမှူးလည်း တက်ရောက်ပြီး ပြည်သူများအားလုံး မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းလိုလျှင်​ ငွေကြေး ပေးရမည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း သိရှိရသည်။

“မြိုင်သာယာ ၃ ရပ်ကွက်မှာ ရှိတဲ့ ပြည်သူတွေအားလုံး တစ်အိမ် တစ်ယောက် အစည်းအဝေး တက်ခိုင်းတယ်။ အဓိက စစ်မှုထမ်းအတွက် တစ်အိမ်ထောင်ကို ၂ သောင်း တောင်းတာ မပေးလို့စစ်တပ် စစ်ကြောင်းမှူးဆိုသူကိုယ်တိုင် အစည်း အဝေးခေါ်တာ။ ဒီရပ်ကွက်ထဲမှာနေရင်အကုန်ပေးရမယ်။မပေးရင် မနေနဲ့။ အိမ် ဖျက်ယူပြီး အခြားနေရာသွားနေကြလို့ ခြိမ်းခြောက်တယ်။ စစ်မှုထမ်းအတွက် ငွေကောက်တာ။ အသက် ၁၈ နှစ်ကနေ ၆၅ နှစ်အထိ မိန်းမ၊ ယောင်္ကျား ငွေမပေးနိုင်ရင် စစ်မှုထမ်းဖို့ မဲဖောက်ရင် ကျတဲ့သွားရမယ်ဆိုပြီး ခြိမ်း ခြောက်တယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သော ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စစ်မှုထမ်းအတွက် ငွေကောက်ခံမှုနှင့်ပတ်သက်၍ တိုင်ချင်သည့်နေရာ တိုင်လို့ရကြောင်း၊ သတင်းဌာနများက သတင်းဖော်ပြလျှင်လည်း ဂရုမစိုက်ကြောင်း၊ သို့ရာတွင် တိုင်သည့်သူနှင့် သတင်းဌာနများထံသို့ သတင်းပေးပို့သူကို မိလျှင် သက်သာလိမ့်မည်မဟုတ်ဟု ခြိမ်းခြောက်ကြောင်း သိရှိရသည်။

“ဒီလို ငွေတောင်းလို့ မကျေနပ်ရင် တိုင်ချင်တဲ့နေရာတိုင်လို့ရတယ်။ ကြိုက်တဲ့သတင်းဌာနကနေ သတင်းရေးလို့ရတယ်။ တွေရင်တော့မသက်သာဘူးလိုပြောသွားတယ်။ အုပ်ချုပ်ရေးမှူ စိုးမင်းအောင်ရော စစ်တပ်ကရော ခြိမ်းခြောက်တာ ပြည်သူတွေကို။ အလှူငွေ မထည့်သူတွေကို အိမ်ချိတ်ပိတ်မယ်။ ငွေမပေးချင်ရင် ရပ်ကွက်ထဲ မနေနဲ့ အိမ်ရွှေ့ပြီး အိမ်ဖျက်ပြီး ပြောင်းသွားလိုက်ဆိုတာကို ထပ်ခါ ထပ်ခါ ပြောပြီး ခြိမ်းခြောက်တာ” ဟု အစည်းအဝေး တက် ရောက်သူ ပြည်သူက ရှင်းပြသည်။

ရန်ကုန်တိုင်းအတွင်းတွင် စစ်မှုထမ်း ဥပဒေအကြောင်းပြ၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ငွေကြေးကောက်ခံမှုများ၊ အာဏာအလွဲသုံးစားလုပ်၍ အကျင့်ပျက်ခြစား ငွေကြေး ခြိမ်းခြောက်တောင်းယူမှုများ၊ ငွေလိမ်လည်မှုများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်က ယင်းအခြေအနေများကို တိုင်ကြားလာလျှင်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article