မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချလမ်းလျှောက်ချီတက်ဆန္ဒပြပွဲ တောင်ကိုရီးယားတွင် ပြုလုပ်
မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချလမ်းလျှောက်ချီတက်ဆန္ဒပြပွဲ တောင်ကိုရီးယားတွင် ယနေ့ ပြုလုပ်သည်။
ယနေ့ တောင်ကိုရီးယား စံတော်ချိန် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဆိုးလ်မြို့ ဆိုးလ်ဘူတာရှေ့မှ တရုတ်သံရုံးအထိ လမ်းလျှောက်ချီတက်ဆန္ဒပြကြပြီ အဆိုပါ တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို MFDMC နှင့် နွေဦးတော်လှန်ရေးသပိတ်အင်အားစုတောင်ကိုရီးယားရှိမြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေးအားပေးထောက်ခံသော ကိုရီးယား နိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်းများက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူဦးရေ ၂၀၀ အထက်တက်ရောက်ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မှ မွန်းလွဲ ၃ နာရီအထိ တောင်ကိုရီးယားနိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြကာ တရုတ်သံရုံးအား အိတ်ဖွင့်ပေးစာများ ထုတ်ပြန်ကြေညာချက်များ ပေးပို့ခဲ့ကြကြောင်း၊ တောင်ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ဘောထားများ တောင်းဆိုချက်များအပြင် မြန်မာပြည်တွင်းရှိ သပိတ်ခေါင်းဆောင်များနှင့် မြန်မာပြည်သူများ၏ သဘောထားထုတ်ပြန်ကြေငြာချက်များ ၊တောင်းဆိုချက်များကို တရုတ်သံရုံးသို့ စုစည်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။