အမ်း-ပဒါန်း လမ်းပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ စစ်ကူသွားသည့် စစ်ကားများကို လုံခြုံရေးယူပေးနေသည့် စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၂၅
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ စစ်ကူသွားသည့် စစ်ကားများကို လုံခြုံရေးယူပေးနေသည့် စစ်သားများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီ ၁၅ မိနစ်ခန့်တွင် ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအနီး တောရဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အင်အား ၂၀ ကျော်ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် မင်းဘူးမြို့ဘက်မှ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူလာရောက်သည့် စစ်ကားများကို အမ်း-ပဒါန်း လမ်းပိုင်းရှိ ခွန်ဇူရွာလမ်းခွဲတွင် လုံခြုံရေး ယူနေစဉ် Chin Defence Force – Asho တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ကာ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA-1 သေနတ် ၁ လက် ၊ ကျောပိုးအိတ် ၁ လုံး၊ တပ်မ ၈၈ တံဆိပ်ပါ စစ်အင်္ကျီနှင့် စစ်ဝတ်စုံအချို့ ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“လတ်တလော အခြေအနေမှာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်အရ စစ်ဆင်ရေးတွေ တိုက်ပွဲတွေ ဖော်ဆောင်တဲ့ အခါမှာ ပြည်သူတွေ ဆီကနေ စစ်ရေး သတင်းရရှိမှုတွေ နည်းပါးလာတဲ့ အတွက် ဒီလိုမျိုး အားနည်းချက်တွေရှိတယ်။ နောက်တစ်ခု ပြည်သူတွေကို မေတ္တာရပ်ခံလိုတာကတော့ စစ်ဆင်ရေး ဖြစ်ပွားတဲ့ နေရာ အနီးတစ်ဝိုက်မှာပဲဖြစ်စေ၊ စစ်ဆင်ရေးနဲ့ ဝေးကွာတဲ့ နေရာတွေမှာဖြစ်စေ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာမှာ နေထိုင်နေရတဲ့ သူပဲဖြစ်စေ အတတ်နိုင်ဆုံး မိမိနေရပ်ဒေသတွေကို စွန့်ခွာပြီးတော့မှ စစ်ပြေးရှောင်နေတဲ့ တနယ်တခြားတွေကို ပြေးသွားတာမျိုး မိမိနေရာကို စွန့်ပစ်ခဲ့တာမျိုး မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။