28 C
Yangon

မင်းလှတွင် မူးယစ်ဆေးဝါး ရောင်းချသူများ အလွန်များပြားလာပြီး တိုင်ကြားသူ ပြည်သူများကိုပါ စစ်တပ်က ခြိမ်းခြောက် ဖမ်းဆီးနေ၍ PDF တပ်ဖွဲ့က စစ်ရေး ပစ်မှတ်အဖြစ် အရေးယူသွားမည်ဟု သတိပေး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းချသူများ အလွန်များပြားလာပြီး တိုင်ကြားသူ ပြည်သူများကိုပါ အကြမ်းဖက် စစ်တပ်က ခြိမ်းခြောက် ဖမ်းဆီးနေ၍ စစ်ရေး ပစ်မှတ်အဖြစ် အရေးယူသွားမည်ဟု မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မင်းလှမြို့နယ်တွင် စစ်ကောင်စီဘက်တော်သားများက ခက်ခဲကြပ်တည်းနေသော ပြည်သူလူထုထံမှ ငွေကြေးများကို ညှစ်ထုတ်ရယူရန်နှင့် လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးရန်အတွက် မူးယစ်ဆေးဝါးများကို တွင်တွင်ကျယ်ကျယ် ဖြန့်ဝေ ရောင်းချမှုများ လုပ်ဆောင်လာကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို စာသင်ကျောင်းများ၏ ရှေ့တွင် ပေါ်ပေါ်တင်တင် ရောင်းချလျက်ရှိခြင်း၊ လူငယ်များအကြား မူးယစ်ဆေးဝါးများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြခြင်းများ တွေ့ရှိလာရကြောင်း၊ ယင်း ကိစ္စနှင့် ပတ်သက်၍ ပြည်သူများက စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သော်လည်း မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကျိုးစီးပွားများပါဝင် ပတ်သက်နေသောကြောင့် တိုင်ကြားသူများသာ ခြိမ်းခြောက်ရန်ပြုနေကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါး ရောင်းချနေသူများကို ကျောင်းဆရာ၊ ဆရာမများက ရဲများထံ တိုင်ကြားသော်လည်း ရဲများက မူးယစ်ဆေးရောင်းချသူများကို ကာကွယ်ပေး၍ ဆရာ၊ ဆရာမများကို ပြန်လည် ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့ပြင် ဆေးရောင်းချသူများကို ရဲစခန်းထံ တိုင်ကြားခဲ့သည့် ပြည်သူတစ်ဦးကိုလည်း ရဲက ပြန်လည် ဖမ်းဆီးပြီး ငွေကျပ် သိန်း ၂၀ ဖြင့် ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း သိရသည်။

“အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေက ကျောင်းသား၊ကျောင်းသူတွေကို ပစ်မှတ်ထားပြီး မူးယစ်ဆေးတွေဖြန့်နေတာ စာသင်ကျောင်းရှေ့မှာကို ပေါ်တင်ရောင်းချလာတာ ဆရာ၊ ဆရာမတွေ ရဲတိုင်တာ ရဲက ပြန်ခြိမ်းခြောက်တဲ့အထိ ဆေးရောင်းသူတွေကိုကာကွယ်ပေးနေတယ်။ ဆေးရောင်းတဲ့သူကိုတိုင်တဲ့ ပြည်သူတစ်ယောက်ကိုလည်း ရဲက ပြဿနာရှာပြီး ဖမ်းထားလို့ သိန်း၂၀ပေးပြီး ပြန်ထုတ်ရတယ်။ မူးယစ်ဆေးဝါးအန္တရာယ်က ကြာရင်ထိန်းမနိုင်သိမ်းမရဖြစ်လာမှာ ဟိုတစ်လောက မင်းလှ အထကကျောင်းက ကျောင်းသားတွေ ဆေးကြောင်ပြီး အုပ်စုဖွဲ့ရန်ဖြစ်တာ ဆရာတွေပါဝင်ထိန်းရတဲ့အထိပဲ ကျွန်တော်တို့ စာထုတ်သတိပေးလိုက်ပြီမို့ ပြင်းပြင်းထန်ထန် အရေးယူသွားပါမယ်။ ပြည်သူတွေအနေနဲ့ မူးယစ်ဆေးရောင်းသူတွေနဲ့ ဝေးဝေးနေကြပါ” ဟု မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က ပြောဆိုသည်။

မင်းလှမြို့နယ်အတွင်း ကျောင်းသားလူငယ်များ၏ အနာဂတ်ကို ပျက်စီးအောင် လုပ်ဆောင်နေသော မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ထိုလုပ်ငန်းများကို ဆက်လက်မလုပ်ကိုင်ကြရန် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က အထူး (အထူး) သတိပေးလိုက်ပြီး မလိုက်နာသူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တန်းတူ ထိရောက် ပြင်းထန်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ရဲဘော်မိုးထက်က သတိပေး ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article