28 C
Yangon

ဗန်းမော်လေတပ်စခန်းကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် လေကြောင်း ခရီးစဉ်များ အားလုံးဖျက်သိမ်း၊ ဝိုင်းမော်မြို့နယ်ရှိ ဝါးရှောင်ကျေးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ဗန်းမော်လေတပ်စခန်းကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် လေကြောင်း ခရီးစဉ်များ အားလုံးဖျက်သိမ်း၊ ဝိုင်းမော်မြို့နယ်ရှိ ဝါးရှောင်ကျေးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဗန်းမော်လေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သောကြောင့် ဗန်းမော်လေဆိပ်ကို အခြေပြု အဆင်း၊ အတက်လုပ်နေသော ပြည်တွင်းခရီးသွား လေကြောင်း ခရီးစဉ်များ အားလုံးကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဗန်းမော်လေတပ်စခန်းကို KIA, PDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်း ဖြစ်ပြီး ဗန်းမော်လေဆိပ်နှင့် လေတပ်စခန်းမှာ ပူးတွဲထားရှိခြင်းဖြစ်ရာ လေယာဉ်ကွင်းအတွင်းတွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိ ဗန်းမော်-မိုးမောက် ၇ မိုင်အကြားတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း၊ စစ်ကောင်စီက မိုးမောက်မြို့နယ်ကို ဆုံးရှုံးထားရ၍ ပြန်လည် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေသကဲ့သို့ KIA ကလည်း ဗန်းမော်မြို့သို့ စစ်ရေးရည်မှန်းချက်ဖြင့် ချီတက်လာမည်ကို စစ်ကောင်စီက အကြီးအကျယ်စိုးရိမ်နေသဖြင့် ခုခံတိုက်ခိုက်မှုများရှိနေကြောင်း သိရှိရသည်။

“အဓိက ဗန်းမော်လေတပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်တာက ၇ မိုက်တစ်ဝိုက်ကို စစ်လေယာဉ်နဲ့ ဗုံးကျဲတယ် တင်ကားတွေနဲ့ ထိုးစစ်ဆင်တယ်။ အဲဒါကြောင့် လုပ်တာ။ လောလောဆယ် ဗန်းမော်လေဆိပ်က ရပ်တာ ဘယ်နှရက်ကြာမလဲတော့ မသိဘူး။ ဗန်းမော်-မိုးမောက် ၆ မိုင်၊ ၇ မိုင်မှာကတော့ တိုက်ပွဲတွေက တောက်လျှောက်ပဲ ဖြစ်နေတာ။ လနဲ့ချီနေပါပြီ။ ရှေ့မတိုး၊ နောက်မဆုတ် စစ်ဆိုင်ပြီး ဖြစ်နေကြတာ” ဟု KIAစစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ယခင်ကလည်း ဗန်မော်လေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များ ၁၀ ရက်နီးပါး ရပ်ဆိုင်းခဲ့ရဖူးသည်။

ထို့ပြင် ယနေ့ ညနေ ၃ နာရီကျော်အချိန် အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဝါးရှောင်ကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနှင့် ဗုံးကျဲချသဖြင့် ဝါးရှောင်ဆည်မြောင်းရုံး အုတ်တံတိုင်းနှင့် အဆောက်အအုံပျက်စီးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“ဝိုင်းမော် ကန်ပိုက်တီးလမ်းမှာရှိတဲ့ ဝါးရှောင်ရွာကို ညနေ ၃ နာရီလောက်က ဂျက်ဖိုက်တာနဲ့လည်း ဗုံးကျဲတယ် ဒရုန်းနဲ့လည်း ဗုံးကျဲတယ်။သူက ဘယ်နေရာကျလဲဆို ဝါးရှောင် ဆည်မြောင်းရုံးပေါ့ ကျတယ်။ ဗုံးလာချတာ။ ဆည်းမြောင်းရုံး အုတ်တံတိုင်းနဲ့ အဆောက်အအုံအကြီး ပျက်စီးသွားတာရှိတယ်။ လူအထိအခိုက်တော့ မရှိဘူး။ သူတို့က တိုက်ပွဲတွေ မရှိဘဲနဲ့ ။ စစ်ကောင်စီက ဒီနေ့မှာ ဝိုင်းမော် ဝါးရှောင်ရွာဘက်ကို လမ်းတွေပိတ်ထားတယ် စစ်ကောင်စီက ဖြတ်သန်းခွင့် ပိတ်ထားတာပေါ့”ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓာတ်ပုံ- ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဝါးရှောင်ကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနှင့် ဗုံးကျဲချသဖြင့် ဝါးရှောင်ဆည်မြောင်းရုံး အုတ်တံတိုင်းနှင့် အဆောက်အအုံပျက်စီးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article