29 C
Yangon

စစ်အာဏာရှင်များ ခွဲခြား အုပ်ချုပ်ခဲ့သည့် ကချင်အထူးဒေသ ၁ ကို KIO က ဖျက်သိမ်းလိုက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းရန်ဖိတ်ခေါ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ကချင်ပြည်နယ်တွင် စစ်အာဏာရှင် အစိုးရ အဆက်ဆက်က ခွဲခြား အုပ်ချုပ်ခဲ့သည့် ကချင်အထူးဒေသ ၁ ဟူသော သတ်မှတ်ချက်ကို KIO က ဖျက်သိမ်းလိုက်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတူတကွ တည်ဆောက်ရန် ဌာနေ ပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ကြောင်း KIO က ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ယခင် စစ်အာဏာရှင်အစိုးရများက ၎င်းတို့ အာဏာခိုင်မြဲစေရန်အတွက် ကချင် အထူးဒေသ ၁ ဟူ၍ ခွဲခြားသတ်မှတ် အုပ်ချုပ်ခဲ့သောကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့ကြောင်း၊ ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသား ပြည်သူများ စိတ်ဝမ်းကွဲမှု မရှိဘဲ အတူတကွ တန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ ၁ ဟု ခွဲခြား သတ်မှတ် ထားသော နယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ရခြင်းဖြစ်ကြောင်း KIO က ပြောသည်။

ထို့ကြောင့် ယခုမှစ၍ ကချင် အထူးဒေသ ၁ ဟူသော သတ်မှတ်ချက် မရှိတော့ကြောင်း၊ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံး ထိခိုက်မှုမဖြစ်စေဘဲ လူသားခြင်းစာနာ ထောက်ထားမှုအခြေခံသည့်မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပြန်လည်ကြိုး စား တည်ဆောက်သွားမည် ဖြစ်ကြောင်း KIO က ပြောဆိုသည်။

ယခင် ကချင် အထူး ဒေသ ၁ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော ဋ္ဌာနေ ပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများ အားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIO နှင့် ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွတည်ဆောက်သွားကြပါရန် ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။

ကချင်လူမျိုးများသည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးအတွက် ပြည်ထောင်စု ဖွဲ့စည်းမှုအဆင့်ဆင့်တွင် ပါဝင်ကြိုးပမ်းခဲ့ကြောင်း၊ လွှတ်တော်တွင်း ညှိနှိုင်းကြိုးပမ်းမှုများ မအောင်မြင်သောကြောင့် မလွှဲမရှောင်သာသည့် အဆုံးတွင် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း KIO ကဆိုသည်။

စစ်တပ်လက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင် ပြည်နယ်အထူးဒေသ ၁ တွင် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ပန်ဝါ၊ ကန်ပိုက်တည်ဒေသ အပါအဝင် ဒေသများ ပါဝင်ခဲ့ပြီး နယ်ခြားစောင့်တပ်ရင်းဌာနချုပ် ၃ ခုဖွဲ့စည်းကာ စစ်တပ်လက်ဝေခံအဖြစ် ကချင်အထူးဒေသ ၁ ကို အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ ဇခုန်တန့်ယိန်း သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ခွဲထွက်ခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် အပစ်အခတ် ရပ်စဲခဲ့ကာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းခဲ့သည်။

ယခင် ကချင်အထူးဒေသ ၁ သည် မြေရှားသတ္တု တူးဖော်ရရှိနိုင်သော ဒေသဖြစ်ပြီး သဘာ၀သယံဇာတအလွန်ပေါကြွယ်၀ သော ဒေသတစ်ခုလည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article