27 C
Yangon

မောက်မယ်တွင် PNLA စခန်းကို စစ်တပ်နှင့် PNO က တိုက်ခိုက်ပြီး အနီးအနားမှ ပြည်သူ ၄ ဦးကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

မောက်မယ်တွင် PNLA စခန်းကို စစ်တပ်နှင့် PNO က တိုက်ခိုက်ပြီး အနီးအနားမှ ပြည်သူ ၄ ဦးကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသတောင်ဘက်ရှိ PNLA တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်း ထန်နေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များ က ရဟန်းသံဃာတော် ဆရာတော်များ၏ မေတ္တာရပ်ခံချက်ကို ပစ်ပယ်ပြီး မောက် မယ်မြိုနယ် ဟိုနမ့်ဒေသကို အင်အား အလုံးအရင်းဖြင့်ဝင်ရောက်ကျူးကျော်ကာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ကို တိုက်ခိုက်ခဲ့သဖြင့် နိုဝင်ဘာလ ၂၆ ရက်နေ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ရာတွင် ပအိုဝ်းဒေသအတွင်းရှိ ပအိုဝ်းကျေးရွာများကို စစ်ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံPNO ပြည်သူ့စစ်က လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်ဖျက်ဆီးတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အနေဖြင့် ပအိုဝ်းသံဃာတော်များ ဆရာတော် များ၏ မေတ္တာရပ်ခံမှုကို အလေးထားခဲ့ပြီး ယင်းဒေသတွင် တိုက်ပွဲဖော်ဆောင်မှုမပြုခဲ့သော်လည်းစစ် ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းရဟန်းတော်များ သံဃာ တော် များ၏ မေတ္တာရပ်ခံမှုကို ပစ်ပယ်ကာ ပအိုဝ်းနယ်မြေထဲကျူးကျော်လာပြီး PNLA ကို တိုက်ခိုက်လာ ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များသည် ပအိုဝ်းနယ်မြေဖြစ်သည့် မောက်မယ်မြို့နယ် ဟိုနမ့်ဒေသ၊ ထီဖက်နမ် ကျေး ရွာရှိ ပြည်သူ့နေအိမ် ၃ လုံးကို ရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာနေ ပြည်သူ ၄ ဦးကို လည်း ဟိုနမ့် ဒေသ အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ရုံးတွင် ဖမ်းဆီးထား ကြောင်း သိရသည်။

“ဒီနေ့လည်း ဒရုန်းနဲ့လာကျဲတာတို့၊ အဝေးကနေ လက်နက်ကြီးနဲ့ပစ်တာတို့တော့ ဆက်ဖြစ်နေဆဲဖြစ် ပါတယ်။ ဟိုနမ့်ဒေသ၊ ထိဖက်နမ်ရွာက ပြည်သူလူထုရဲ့နေအိမ် ၃ အိမ်ကို စစ်ကောင်စီလက်အောက် ခံပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးတယ်၊ မနေ့ညက ၂ အိမ်၊ ဒီမနက် ၁ အိမ် စုစုပေါင်း ၃ အိမ်ဖြစ်ပါ တယ်။ပြီးတော့ အမျိုးသား ၄ ဦးကိုလည်း ဟိုနမ့်ထဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့ စစ်ရုံးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ဟိုနမ့်ဒေသ အတွင်း တိုက်ပွဲဖော်ဆောင်ပြီး ပအိုဝ်းပြည်သူများအား ဖမ်းဆီးခြင်း ၊ပအိုဝ်းပြည်သူ၏ နေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“ပအိုဝ်းလူမျိုးတွေဆိုတာက သံဃာတော်တွေရဲ့ ဆုံးမစကား၊ မေတ္တာရပ်ခံစကားကို အလေးထားကြ ပါတယ်။ ဒါပေမယ့် ဒီ PNO ပြည်သူ့စစ်ရဲ့လုပ်ရပ်ကတော့ ပအိုဝ်းဒေသကို ကိုယ်တိုင်မီးနဲ့ရှို့နေတဲ့ လုပ်ရပ်ဖြစ်နေပါတယ်။ PNO ထဲမှာရှိတဲ့ ပအိုဝ်းစစ်စစ်ဖြစ်တဲ့ ခေါင်းဆောင်တွေအနေနဲ့ စဉ်းစားကြပါ၊ ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်သုံးသပ်ကြပါ၊ စစ်အာဏာရှင်နဲ့ပေါင်းပြီးတော့ ကိုယ့်ဒေသကို ပြန်လည် ဖျက်ဆီးမီးရှို့နေတာ၊ ကိုယ့်လူထုကို ကိုယ်ပြန်လည်ဖမ်းဆီးနေတာ ဖြစ်သင့်ရဲ့လားဆိုတာကို ပအိုဝ်း စစ်စစ်ဖြစ်တဲ့ ဒေသခံခေါင်းဆောင်တွေ၊ ပအိုဝ်းစစ်စစ်ဖြစ်တဲ့ PNO ပြည်သူ့စစ်အဖွဲ့က ခေါင်းဆောင် တွေအနေနဲ့ သေချာစဉ်းစားကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ပြောဆိုသည်။

ဓာတ်ပုံ- ဆီဆိုင်မြို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article