31 C
Yangon

ကျွန်းလှတွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူ ၂၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးပူးပေါင်း၍ ၂ ပတ်ကြာ စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူ ၂၀၀၀၀ နီးပါးစစ်ဘေးရှောင်နေကြရပြီး စစ်တပ်ဒရုန်းများ၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှစကာ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း အင်အား ၂၀၀ ခန့်သည် ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ပြည်သူတွေက ၂ ပတ်ကျော်လောက်ဆိုတော့ ခက်ခဲတာပေါ့။ ရိက္ခာကအစ တနိုင်တပိုင်ယူကြတာဆိုတော့ ရေရှည်မှာ စားဝတ်နေရေးခက်ခဲလာတာပေါ့။ တောထဲတွေပဲ နေကြရတာပေါ့။ တဲထိုးဖို့လည်း မလွယ်တဲ့အတွက်။ စစ်တပ်ရဲ့ မီးရှို့လိုက်တဲ့ အိမ်ခြေအရေအတွက်က အတည် ပြုလို့မရသေးဘူး” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ကျွန်းလှမြို့မှ ကံပေါက်ရွာ ပျူစောထီးရွာသို့ ရောက်ရှိလာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းက ကုက္ကိုကုန်းရွာကို ၆၀ မမ ဗုံးသီးများသုံး၍ ဒရုန်းသုံး တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာတိုက်နယ်ဆေးရုံ၌ စတင်တပ်စွဲထားခဲ့ကြောင်း၊ ကုက္ကိုကုန်းနှင့်အနီးတဝိုက်ရှိ ကျေးရွာများကို ဂျက်ဖိုက်တာသုံး၍ နိုဝင်ဘာ ၂၀ ရက်နေ့ နှစ်ကြိမ်၊ ၂၁ ရက်နေ့ နှစ်ကြိမ်၊ ၂၂ ရက်နေ့ Mi-35 ဖြင့် နှစ်ကြိမ်၊ ၂၄ ရက်က Mi35 ဖြင့် လေးကြိမ် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူစစ်တပ်က ဒရုန်းသုံး တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းက နှစ်ပတ်ကြာလှည့်လည်စစ်ကြောင်းထိုးစဉ် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ခံသည်ဟုဆိုကာ ကုက္ကိုကုန်းကို တစ်ကြိမ်၊ မဒေါင်၊ လွှတ်တိုက်နှင့် ဆွဲလှဲရွာတို့ကို နှစ်ကြိမ်စီ၊ စုစုပေါင်း ခုနစ်ကြိမ်တိတိ စီးနင်း မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့ကြောင်း၊ ယင်းအပြင် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူလုယက်ခြင်းများကို ပေါ်ပေါ်တင်တင် လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“စစ်ကြောင်းထိုးပြီးရင် ရွာတွေမှာရှိတဲ့ ပစ္စည်းတွေ အကုန်သယ်တယ် ကားကြီး ကားငယ်နဲ့။ အင်တိုင်းကို စစ်ကြောင်းထိုးတုန်းကလည်း အဲဒီလိုပဲ လုပ်သွားတယ်။ အိမ်ကောင်းရင် မီးမရှို့တော့ဘဲ အိမ်ထောင်ပရိဘောဂက အစသယ်ပြီး ပျဉ်တို့ဘာတို့က ဖျက်ယူတာဆိုတော့ ပြည်သူတွေ စပါးရိတ်သိမ်းချိန်မှာ တမင်းသက်သက် ပြည်သူပိုင်ပစ္စည်တွေ လုယက်ချင်လို့ စစ်ကြောင်းထိုးတဲ့ သဘောမျိုးလို့ ပြောလို့ရတယ်” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့အတူ ကျွန်းလှမြို့နယ်၊ ဆည်အနီးအနားရှိ ကျေးရွာအများစုမှာ ရွှေနှင့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများက စီးပွားရေး ပြေလည်ကြကြောင်း၊ အိမ်များ၌ တစ်နှစ်စာ ဆန်/ဆီအား သိုလှောင်ထားလေ့ ရှိကြောင်း၊ ယခုမှာ သီးနှံရိပ်သိမ်းချိန်ဖြစ်ကာ ဒေသခံများလက်၌ ရွှေနှင့် ငွေကြေး ရှိချိန်တွင် အကြမ်းဖက်စစ်အုပ်စုနှင့် ပျူစောထီးများက ယခုကဲ့သို့စစ်ကြောင်းထိုး မီးရှို့ကာ လုယက်ခြင်း ဖြစ်ကြောင်း၊ ယင်းလုယက်ရရှိသည့် ပြည်သူပိုင် ပစ္စည်းများဖြင့်ပင် အချို့သော ပျူစောထီးများ၏ မိသားစုများမှာ ရွှေ၊ ငွေစုဆောင်းနိုင်ခြင်းနှင့် တိုက်ကဲ့သို့သော နေအိမ်ဆောက်လုပ်နိုင်မှုများပင် ရှိလာကြောင်းလည်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ထံမှ သိရှိရသည်။

လက်ရှိတွင် လုယက်ထားသည့် တန်ဖိုးကြီးပစ္စည်းများကို ကံပေါက်ကျေးရွာ ပျူအထိုင်စခန်းများသို့ ကားများဖြင့် သယ်ဆောင်ကာ ဝေစုခွဲ ရယူနေခြင်းများရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်နှင် ပျူစောထီးများ၏ စစ်ကြောင်းထိုးမှုကြောင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ တောင်ယာဆိပ်၊ ကန့်ဘလူမြို့နယ်မှ လက်ခုပ်ပင်ရွာ၊ ကောလင်းမြို့နယ်အတွင်းမှ ရွာသစ်၊ အောင်ချမ်းသာ၊ ပေတပင် စသည့် ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၂၀,၀၀၀ နီးပါး စစ်ရှောင်နေကြရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article