မြင်းခြံနှင့် ပခုက္ကူတွင် အိမ်စီးကားဖြင့် ထွက်လာသော စစ်သားများနှင့် လေဆိပ်တွင် တပ်စွဲထားသော စစ်စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် အိမ်စီးကား ၁ စီးဖြင့် ဝင်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာမှ မြင်းခြံ မြို့ထဲသို့ အိမ်စီးကားဖြင့် ဝင်လာသည့် အကြမ်းဖက်စစ်သား ၅ ဦးကို မြင်းခြံမြို့ မြောက်ဘက် အထွက်ရှိ အနိမ့်လမ်းပိုင်း တစ်နေရာအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“မြောက်ကျွန်းကနေ ခွေးဘီဘူးကား ၁ စီးနဲ့ မြင်းခြံမြို့ထဲ ပြန်ဝင်တဲ့အချိန် လမ်းကနေ ဖြတ်ပြီး မိုင်းဆွဲခဲ့တာ ကားလည်း ထိုးရပ်သွားတယ်။ မိုင်းဆွဲပြီး ရမ်းသမ်းပစ်ခတ်တာတွေရှိပေမယ့် ပြည်သူ ထိခိုက်မှုမရှိပါဘူး။ ကျနော်တို့တပ်ဖွဲ့က လုပ်နေတဲ့ End Point ကမ်ပိန်းလေးကိုလည်း ရာခိုင်နှုန်း ပြည့်မီအောင်ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုက ၈၀ ရာခိုင်နှုန်းကျော်တော့ရပြီ ကမ် ပိန်းရသမျှငွေတွေက တိုက်ပွဲဖြစ်တဲ့ ကျည်ခဲယမ်းစရိတ်၊ လက်နက်စရိတ် စားဝတ်နေရေးစရိတ် တွေ ကို ဒီကမ်ပိန်းထဲကပဲ ဖဲ့ဖဲ့သုံးနေရတဲ့အနေထားဖြစ်နေတာ အတော်တော်လေးခက်ခဲနေတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – MBT တပ်ဖွဲ့ဝင်ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်အကြမ်းဖက်စစ်သားများက ရမ်းသမ်းပစ်ခတ်ကာ အနီးအနားရှိ ပြည်သူအချို့ကို စစ်ဆေးမေးမြန်းခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုသည် ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်၏ လေ ကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ပြည်သူများအတွက် ချက်ချင်းလက်တုန့်ပြန် သည့် အနေဖြင့် တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ပခုက္ကူမြို့နယ်၊ ပခုက္ကူလေဆိပ်ရှိ အကြမ်းဖက် စစ်တပ်အထိုင်စခန်းကို ရော့ကတ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Shwe Nyar Myae PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ပခုက္ကူလေဆိပ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို Rocket လက်နက်ကြီးဖြင့် အလုံး ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ် စခန်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ၅ လုံးအပြင် လက်နက် ငယ်များဖြင့်ပါ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ယင်းအကြမ်းဖက် စစ်တပ်စခန်းကို Rocket ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် အတွင်း ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုများကို Shwe Nyar Myae PDF တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။